ယခုနှစ်စတုတ္ထတန်းနှင့် အဌမတန်း ပြန်လည်ကုစားစာမေးပွဲ ရှိ၊မရှိ ဒီဇင်ဘာစာမေးပွဲကို စောင့်ကြည့်နိုင်
၂၀၁၅-၂၀၁၆ပညာသင်နှစ်စတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲကြီး ပြန်လည်ကုစားစာမေးပွဲ ရှိ၊မရှိ ကို ဒီဇင်ဘာလပတ်စာမေးပွဲရလဒ်၌ စောင့်ကြည့်ဆုံးဖြတ်နိုင်ကြောင်း သိရသည်။
“အခုထိတော့ဆွေးနွေးနေတုန်းလို့ ဆရာမကြီးတို့ သိရတယ်။ ဒါကလည်း ကျောင်းမှန်မှန်မတက်တဲ့ ကလေးတွေပဲကျန်ခဲ့တာပါ။ ပြီးခဲ့တဲ့လပတ်စာမေးပွဲကတော့ ဆရာမကြီးတို့ကျောင်းမှာ အောင်မြင်မှုရာခိုင်နှုန်း၇၈ရာခိုင်နှုန်းရှိတယ်။ ကုစားစာမေးပွဲကတော့ နောက်ဆုံးလပတ် စာမေးပွဲကိုကြည့်မယ်ထင်တယ်။”ဟု သန်လျှင် အ.ထ.က (ကျောက်ရေတွင်း) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းမြင့်ကပြောသည်။
ရန်ကုန်တောင်ပိုင်းခရိုင်၊သန်လျှင်မြို့နယ်တွင်စတုတ္ထတန်းမေးခွန်းကို ထက်၊ လယ်၊ မှု ကျောင်းစနစ် ဖြင့် ထုတ်နုတ်မေးမြန်းခြင်းဖြစ်ပြီးစာမေးပွဲအမည်ကို ပြင်ပစစ်ဟုသုံးနှုန်းခေါ်ဝေါ်ကြောင်း သိရသည်။
လစဉ်၂၅ မှတ်ဖိုး စစ်ဆေးခြင်းအား နှစ်ဖြင့်မြှောက်သော်လည်း စာမေးပွဲကြီးစစ်ဆေးမှုရလဒ်တွင်လပတ်စာမေးပွဲရလဒ်များ မပါဝင်ကြောင်းသိရသည်။
“တရာဝင်အတိအကျတော့မကြားပေမဲ့ဒီနှစ် စတုတ္ထတန်းနှင့် အဌမတန်းကို ပြန်လည်ကုစားစာမေးပွဲမ ရှိဘူးလို့ ပြောသံတော့ကြားနေရတယ်။ဒါပေမဲ့ အနီးကပ်ရင်တော့ သိရမှာပါ။ အခုချိန်ထိတော့ ညွှန်ကြားစာမ ထုတ်သေးဘူး” ဟု ဒဂုံမြို့နယ်ရှိအထက်တန်းကျောင်းအုပ်ဆရာကြီးတစ်ဦးကဆိုသည်။
ဒီနှစ်စတုတ္ထတန်းနှင့် အဌမတန်း ခရိုင်နှင့် တိုင်းစစ်စာမေးပွဲများကို ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလတွင်ပထမ အဆင့် စမ်းသပ်စစ်ဆေးခဲ့ပြီးနောက် ၂၀၁၄ - ၂၀၁၅ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၌စတုတ္ထတန်း ၆၆ရာခိုင်နှုန်း၊ အဌမတန်း ၄၁ရာခိုင်နှုန်းသာ အောင်မြင်မှုရှိခဲ့ပြီး ကုစားပြန်လည်ဖြေဆိုရန်ကိုးသောင်းကျော် ရှိခဲ့သည်။