စတုတ္ထတန်းနှင့် အဌမတန်း အတန်းတင်စာမေးပွဲကျရှုးံသူများအတွက် ကုစားစာမေးပွဲ ရှိ၊ မရှိမဆုံးဖြတ်ရသေးဟုဆို
ယခုပညာသင်နှစ်တွင်စတုတ္ထတန်းနှင့် အဌမတန်း အတန်းတင်စာမေးပွဲ ကျရှုံးသူများအတွက် ကုစား စာ မေးပွဲ ရှိ၊ မရှိမဆုံးဖြတ်ရသေးကြောင်း အခြေခံပညာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်းက ၂၃.၉.၂၀၁၅ရက်နေ့တွင် ပြောကြားသည်။
“ကုစားစာမေးပွဲ ရှိ၊ မရှိကိုမဆုံးဖြတ်ရသေးပါဘူး။ညွှန်ကြားချက်လည်း မရှိသေးဘူး။ အတန်းတင် စာမေးပွဲကတော့ တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့်စစ်မှာပါ။ ကုစားရှိ၊ မရှိကိုတော့ ညွှန်ကြားချက် အတိုင်း ဆောင်ရွက်မှာပါ” ဟု ဦးစိုးဝင်းကဆိုသည်။
စတုတ္ထတန်းနှင့် အဌမတန်း အတန်းတင်စာမေးပွဲများကို၂၀၁၄-၂၀၁၅ပညာသင်နှစ်မှ စတင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် မေးခွန်းများဖြင့် စစ်ဆေးခဲ့ရာ ကျရှုံးသူများအတွက် ကုစားသင်ကြားပေး ခြင်းများပြုလုပ်ကာ ကုစားစာမေးပွဲ ထပ်မံကျင်းပပေးခဲ့သည်။
“ဆရာမတို့ဆီ ညွှန်ကြားချက်မရောက်ပါဘူး။ စာမေးပွဲကတော့အရင်နှစ်လိုပဲစစ်မယ်လို့ သိထား တယ်။ ကုစားစာမေးပွဲ ကိစ္စတော့ညွှန်ကြားထားခြင်း မရှိသေးပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူး (ပညာ)ဒေါ်စန်းစန်းရီက ပြောကြားသည်။
ယခင်ပညာသင်နှစ်က ကုစားပြန်လည် ဖြေဆိုခွင့်ပေးခဲ့ခြင်းအပေါ်ပညာရေး အသိုင်းအ၀ိုင်းတွင် ဝေဖန် မှုများ ရှိခဲ့ပြီး ယခုပညာသင်နှစ် တွင်ကုစား ပြန်လည်ဖြေဆိုခွင့်ပြုခြင်းနှင့်ပက်သက်၍ ပညာရေးဝန်ကြီးဌာနတွင် ဆွေးနွေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
စတုတ္ထတန်းနှင့်အဌမတန်းပထမအစမ်း စာမေးပွဲကို အောက်တိုဘာလလယ်တွင် အခြေခံပညာ ကျောင်း များ၌ ကျောင်းအဆင့်မေးခွန်းများဖြင့်နှစ်ဝက်အတွင်း သင်ကြားခဲ့သော သင်ခန်းစာများကို စစ်ဆေး မည်ဖြစ်ပြီး ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလနှင့်မတ်လအတွင်းတွင်အတန်းတင်စာမေးပွဲများကို တစ်နှစ်လုံးစာ သင်ခန်းစာအားလုံးကိုခြုံငုံ၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် မေးခွန်းများဖြင့် စစ်ဆေးသွားမည်ဟု သိရ သည်။