ထူးချွန်ဆရာများကသာ ထူးချွန်ကျောင်းသားများကို မွေးထုတ်ပေးနိုင်မယ်
(၁)
“ဆရာကြီး၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲဖိတ်စာပို့လိုက်ပါတယ်။ဩဂုတ်လ ၉ ရက်နေ့ ၉ နာရီ စပါမယ်။ ဆက်ဆက်တက်ရောက်ပေးပါ။ ကျွန်မကျောင်းက အဋ္ဌမတန်းမှာ ဘက်စုံပညာထူးချွန်ဆုရတဲ့ကျောင်းသားကို ဆရာကြီးဆုချီးမြှင့်ပေးပါ။ ဆရာကြီးက လူရည်ချွန်ရခဲ့ဖူးတော့ မျိုးဆက်သစ်လူရည်ချွန်ကို လက်ဆင့်ကမ်းတဲ့သဘောပေါ့”လို့ အ.ထ.က (၃)စမ်းချောင်း၊ ကျောင်းအုပ် ဆရာမကြီးဒေါ်မြင့်သိန်းက ဖုန်းနဲ့ဖိတ်ပါတယ်။
“ဟုတ်ကဲ့-အခမ်းအနားတက်ဖြစ်အောင် ကြိုးစားပါမယ်။ အဲဒီနေ့မှာထူးချွန်ဆရာဆုချီးမြှင့်ရေး အတွက် သတင်းစာ၊ စာနယ်ဇင်းအဖွဲ့တွေနဲ့တွေ့ဆုံရှင်းလင်းပွဲအခမ်းအနားကလည်းဖိတ်ထားတယ်။ အချိန်တော့ မတိုက်လောက်ဘူး ထင်ပါတယ်”လို့ မတင်မကျအဖြေပေးခဲ့ပါတယ်။
“အဖွင့်အမှာစကားပြောဖို့လည်း အစီအစဉ်ထည့်ဆွဲထားတယ်။ မိဘတွေကိုလည်းပြောပြီးပြီ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေလည်း တက်ရောက်ချီးမြှင့်မယ်ပြောပါတယ။် ဆုပေးပွဲကိုလည်းခမ်းခမ်းနားနားစီစဉ်ထားတာမို့ တက်ဖြစ်အောင်တက်ရမယ်နော်”တဲ့။ ရင်ထဲကလှိုက်လှိုက်လှဲလှဲဖိတ်ကြားနေတာပါ။
ထူးချွန်ဆရာဆု ချီးမြှင့်ရေးသတင်းစာရှင်းလင်းပွဲ ဖိတ်စာကိုကြည့်လိုက်တော့၉ ရက်နေ့ မွန်းလွဲ၁နာရီတဲ့။ လွတ်လွတ်ကင်းကင်းပါပဲ။ ဆုပေးပွဲကို တက်ဖြစ်အောင်တက်မယ်လို့ဆုံးဖြတ်ခဲ့ ပါတယ်။
(၂)
၉.၈.၂၀၁၅ရက်နေ့ နံနက် ၉ နာရီတိတိပါပဲ။ အခမ်းအနားမှူးကဆုပေးပွဲအခမ်းအနားစတင် ကြောင်းကြေညာပြီး၊ သဘာပတိကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်သိန်း အဖွင့်အမှာစကားပြောကြားပါတယ်။
ဆုချီးမြှင့်ပွဲကို ခမ်းခမ်းနားနားကျင်းပနိုင်တဲ့အတွက်ဝမ်းသာပီတိဖြစ်ရကြောင်း၊
တက္ကသိုလ်ဝင်စာမေးပွဲမှာ၆ ဘာသာဂုဏ်ထူးရှင်နဲ့ ၅ ဘာသာဂုဏ်ထူးရှင်များကို ဆုတံဆိပ်အပြင် ရွှေလက်စွပ်များကိုပါဂုဏ်ပြုချီးမြှင့်ပေးနိုင်ပါကြောင်း။ မိမိတာဝန်ယူခဲ့တဲ့ကာလမှာ အဋ္ဌမတန်းဘက်စုံပညာထူးချွန်ဆု၊ပထမအကြိမ်လေကြောင်း လူငယ်သင်တန်းသား တစ်ဦး ရွေးချယ်ခံရမှု၊ အရှေ့တောင်အာရှလူငယ်ခေါင်းဆောင်(မြန်မာနိုင်ငံ ကိုယ်စားပြုကျောင်းသား) အဖြစ် မိမိကျောင်းမှနဝမတန်းကျောင်းသားတစ်ဦးရွေးချယ်ခံရပြီးအမေရိကန်နိုင်ငံသို့ သွားရောက် လေ့လာခွင့်ရရှိခဲ့ခြင်းတို့အတွက် အောင်မြင်မှုများရရှိခဲ့ပါကြောင်း။
ဆရာဆရာမများရဲ့ ကြိုးစားအားထုတ်မှု၊မိဘဆရာအသင်းနှင့်ကျောင်းအကျိုးတော် ဆောင်အဖွဲ့တို့ရဲ့ အားပေးကူညီမှု၊ ကျောင်းသားဟောင်းများရဲ့ထောက်ပံ့မှုတို့ကြောင့်အခုကဲ့သို့ အောင်မြင်မှုများရရှိခဲ့တယ်လို့ အသိအမှတ်ပြုပြောကြားလိုကြောင်း။ဆုရကျောင်းသူကျောင်းသား များကလည်း နိုင်ငံသားကောင်းများဖြစ်အောင်ကြိုးစာကြစေလိုကြောင်း တိုက်တွန်းပြောကြား သွားပါတယ်။
ဆက်လက်ပြီးအထူးဧည့်သည်တော်အနေနဲ့ အကြံပြုအမှာစကားပြောကြားပေးဖို့ကျွန်တော့်ကို ဖိတ်ပါတယ်။ ကျွန်တော်က ကဏ္ဍ ၄ ရပ်ကို အခြေခံပြီးပြောခဲ့ပါတယ်။
ပညာရေးပြုပြင်ပြောင်းလဲမှုကဏ္ဍအနေနဲ့ KG+12 စနစ်အကြောင်း၊ ၂၀၁၆-၂၀၁၇ ပညာသင် နှစ်မှာမူလတန်းအဆင့်ရဲ့အခြေခံအတန်းဖြစ်တဲ့ သူငယ်တန်းကိုစတင်မှာဖြစ်တဲ့အကြောင်း။
မိဘများကဏ္ဍအနေနဲ့ အဖေကောင်းပြီး၊အမေတော်ဖို့လိုပါကြောင်း၊ “သားကိုငယ်က မဆုံးမသော်၊ မိဘတစ်လည်ရန်သူမည်၏”ဆိုရိုးရှိပါကြောင်း၊သားသမီးတွေကိုမှန်ကန်စွာ ချစ်တတ်ဖို့လိုကြောင်း။
ဆရာဆရာမများကဏ္ဍအနေနဲ့ “တပည့်ငယ်စဉ်၊ မသွန်သင်က၊ နောင်တွင်ဆရာ၊သင့်ဝန် တာတည့်”ဆိုသည်ကို သတိပြုစေလိုကြောင်း၊ ဆရာဆိုတာ ဥယျာဉ်မှူးဖြစ်တဲ့အတွက် ပန်းတစ်ပွင့်ကိုကြည့်တတ်ဖို့လိုသလို ပန်းတစ်ခင်းလုံးကိုလည်း ကြည့်တတ်ဖို့လိုကြောင်း၊ ဆရာဆိုတာ လမ်းဖောက်သူသာဖြစ်ပြီး၊ လမ်းဖျောက်သူမဖြစ်သင့်ကြောင်း။ ဆရာဆိုတာ တံတားထိုးသူသာဖြစ်ပြီး၊တံတားချိုးသူ မဖြစ်စေရပါကြောင်း။ အရာရာကိုချိန်ချိန်ဆဆလုပ်ကိုင်တတ်သူသာ ဆရာဖြစ်ပါ ကြောင်း။
ကျောင်းသားများနဲ့ပတ်သက်ပြီး “မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင် သင်လော့၊ ပေါ်လွင်မပြု၊ ကောင်းရာတုလျက်၊ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကျိုး၍၊ ကောင်းကျိုးကိုယ်၌တည်စေမင်း”ဟူတဲ့ လောကသာရပျို့ပါစာပိုဒ်ရဲ့အဓိပ္ပာယ်ကိုအကျယ်တ ဝင့်ရှင်းပြခဲ့ပြီး၊ ကျောင်းကောင်းတစ်ကျောင်းဖြစ်စေဖို့၊ ပြည်သူလူထုရဲ့အကူအညီအများကြီးလိုပါကြောင်း ပြောကြားခဲ့ပါတယ်။
အစီအစဉ်အရ ဆရာမကြီးဒေါ်ခင်တိုးနဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့ကအမှာ စကားပြောကြားပြီး ဆုပေးတဲ့အစီအစဉ်ကိုဆက်လက်ကျင်းပတယ်။ ကျွန်တော်က ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၊အဋ္ဌမတန်း ဘက်စုံပညာထူးချွန်ဆုရကျောင်းသားမောင်ဘုန်းမြင့်မိုရ်ကို ဆုချီးမြှင့်ပေးရ ပါတယ်။ကြည်နူးပီတိဖြစ်ခဲ့ရပါတယ်။
ဒသမတန်းမှ သူငယ်တန်းအထိထူးချွန်ကျောင်းသူကျောင်းသားများကိုထိုက်ထိုက်တန်တန် ဆုတွေချီးမြှင့်ပေးခဲ့တာပါ။
အစီအစဉ်အရ ဘက်စုံပညာထူးချွန်ဆုရကျောင်းသားမောင်ဘုန်းမြင့်မိုရ်ကပုဂံဘက်စုံပညာ ထူးချွန်လူငယ်စခန်း အတွေ့အကြုံ၊ လေကြောင်း လူငယ်မောင်ဖြိုးကျော်ကျော်ကလည်းလေယာဉ် မောင်းတဲ့အတွေ့အကြုံ၊ SEA လူငယ်မောင်နေသန်အောင်ထန်ကအမေရိကန်နိုင်ငံမှာ တွေ့ကြုံရ တဲ့အတွေ့အကြုံတွေကို ကျောင်းသူကျောင်းသားများအားကျဖွယ်၊အတုယူဖွယ်၊ မှတ်သားစရာ များပြောကြားသွားခဲ့ပါတယ်။ လူငယ်တွေတော်လိုက်ကြတာ။
အ.ထ.က(၃)စမ်းချောင်းမှ အနာဂတ်မြန်မာနိုင်ငံအတွက် လူတော်လူကောင်းတွေ၊ခေါင်း ဆောင်ကောင်းတွေထွက်ပေါ်လာဦးမှာ သေချာပါတယ်။ ဆရာကောင်း တပည့်တွေပန်းကောင်းပန်ကြရမှာပါ။
(၂)
ကျောင်းသားလူငယ်များ ဆုပေးပွဲအခမ်းအနားကနေ ထူးချွန်ဆရာဆုရွေးချယ်ချီးမြှင့်ရေးသတင်းစာရှင်းလင်းပွဲအခမ်းအနားကို ဆက်ပြီးတက်ခဲ့ပါတယ်။ ဆရာကြီးဒေါက်တာသန်းဦး၊ ဆရာကြီးဒေါက်တာသန်းဦး၊ ဆရာကြီးဒေါက်တာတင်ညို၊ ဆရာကြီးဦးမြင့်ဟန်၊ အလှူရှင်တော်ဝင်ဖွံ့ဖြိုးရေးဖောင်းဒေးရှင်းဥက္ကဋ္ဌဦးကိုကိုထွေးနဲ့ ဆရာကြီးဦးအေးကြိုင်တို့က ထူးချွန်ဆရာဆုရွေးချယ်ရေးနဲ့ပတ် သက်တဲ့ အချက်အလက်တွေကို ရှင်းလင်းဆွေးနွေးကြပါတယ်။
တက်ရောက်လာကြတဲ့သတင်းနှင့်စာနယ်ဇင်းမှ တာဝန်ရှိသူများကလည်းသိလိုသမျှတွေ၊ မရှင်းလင်းတဲ့အချက်တွေကို ပွင့်ပွင့်လင်းလင်းမေးကြ၊ မြန်းကြနဲ့ တကယ့်ကိုအသက်ဝင်တဲ့ဆွေး နွေးပွဲလေးပါပဲ။ ယခင်နှစ်ကလည်း ထူးချွန်ဆုချီးမြှင့်ခဲ့ပေမယ့် ဒီနှစ်မှာ ထူးခြားတဲ့အချက်တွေထပ်ပြီးဖြည့်စွက်ထားတာတွေ့ရပါတယ်။ ထူးခြားချက်တွေကို ဖော်ပြပေးလိုပါတယ်။
* ရာထူးအရမဟုတ်ဘဲ တကယ်သင်နေတဲ့အဆင့်လိုက်ဆရာဆရာမများ (မူလ တန်းအဆင့်သင်၊ အလယ်တန်းအဆင့်သင်၊ အထက်တန်းအဆင့်သင်) ဖြစ်ရပါမယ်။ ဥပမာ-အလယ်တန်းပြဆရာက အထက်တန်းမှာသင်နေရင် အထက်တန်းအဆင့်သင် ထူးချွန်ဆရာ အဖြစ် ယှဉ်ပြိုင်နိုင်ပါတယ်။
* လက်ရှိရာထူးလုပ်သက်မဟုတ်ဘဲ၊ပညာရေးဌာနလုပ်သက် ၃ နှစ်ရှိရပါမယ်။
* တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ဗဟိုအဆင့်မှာ ယမန်နှစ်ကလို မေးခွန်း တစ်မျိုးတည်းမဟုတ်ဘဲ အဆင့်အလိုက် မေးခွန်းတစ်မျိုးစီကိုသာဖြေဆိုကြရပါမယ်။
* ဗဟိုအဆင့်မှာ ယမန်နှစ်ကပထမဆု၊ ဒုတိယဆု၊ တတိယဆုကိုသာပေးခဲ့ ပေမယ့် ယခုနှစ်မှာ အထူးဆုရဆုကိုပါ ထပ်မံချီးမြှင့်မှာဖြစ်ပါတယ်။
* ယမန်နှစ်က ဗဟိုအဆင့်မှာပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိပြီးသူများကို ယခုနှစ်တွင်ပါဝင်ယှဉ်ပြိုင်ခွင့် မပြုပါဘူးဆိုတဲ့ထူးခြားချက်တွေပါပဲ။
(၃)
ပညာရေးစနစ်တိုးတက်အောင်မြင်ဖို့ဆိုတာ အကောင်အထည်ဖော်နေကြတဲ့ဆရာဆရာမ တွေရဲ့အရည်အသွေးအပေါ်မှာ အများကြီးမူတည်ပါတယ်။ အရည်အသွေးရှိတဲ့ဆရာဆရာမတွေကသာ အရည်အသွေးမြင့်တဲ့ပညာရေးကို ပုံဖော်နိုင်တာပါ။ထူးချွန်တဲ့ ဆရာဆရာမတွေကသာ ထက်မြက်တဲ့ကျောင်းသူကျောင်းသားတွေကို မွေးထုတ်ပေးနိုင်တာပါ။ဒီကနေ့ နိုင်ငံခေါင်းဆောင် တိုင်းမှာဆရာဆရာမတစ်ဦးဦးရဲ့ ပုံရိပ်တွေလွှမ်းမိုးနေဆဲပါ။လွှမ်းမိုးနေတဲ့ဆရာဆရာမတွေဆိုတာ ဩဇာရှိတဲ့၊ စေတနာရှိတဲ့၊ ချစ်တတ်တဲ့၊ ထူးချွန်တဲ့ဆရာဆရာမများသာဖြစ်တယ်ဆိုရင်….။
အောင်ခိုင်မြင့်(ပညာရေး)