မူလတန်းသည် အခြေခံ

မြန်မာနိုင်ငံတွင် ပြောစမှတ်ရှိသည်မှာ ဆယ်တန်းသည် ဘဝ၏အဆုံးအဖြတ်ဟုတည်း။မိဘ များသည် သားသမီးများရှေ့ရေး ကောင်းစေရန်ဆယ်တန်းတွင် ကြပ်မတ်ကြသည်။ တချို့မိဘများကမူ၎င်းတို့၏သားသမီးများကို အထက်တန်းအစရှစ်တည်းကတည်းက ကြပ်မတ်ပါမှဆယ်တန်းတွင် အ မှတ်ကောင်းကာတက္ကသိုလ်ကောင်းကောင်းတက်နိုင်မည်ဟုဆိုစမှတ်ပြုကြသည်။

မှန်သင့်သလောက်မှန်ပါသည်။ ဆယ်တန်းအခြေခံ ရှစ်တန်း၊ ကိုးတန်းတွင်စာကြေသောသူ သည် ဆယ်တန်းတွင် ဆက်လက်ကြိုးစားပါကအမှတ်ကောင်းကောင်းဂုဏ်ထူးများဖြင့် အောင်မြင်မည်မှာ ဧကန်ဖြစ်သည်။ မြန်မာကျောင်းသူကျောင်းသားများသည် စာဖတ်သည်ထက်စာကျက်သည်ကို အားသန်ကြသည်။ဆယ်တန်းအမှတ်ကောင်းသူအများစုမှာ ကျက်အားကောင်းသူ၊ မှတ်အားကောင်း သူများဖြစ်သည်။ ဘာသာရပ်၆ခု ရှိသည့်အနက် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ စသည့် ဘာသာရပ်များသည် ကျက်အားကောင်းလျှင်ကောင်းသလိုအမှတ်ပိုမိုရရှိနိုင်သည့် အခွင့်အလမ်း များပါသည်။

ကျက်အားကောင်းသောကြောင့်အမှတ်များပြီး ဆေးကျောင်း၊ ရေကြောင်းစသည်ဖြင့် တက်ခွင့် ရသည်ဆိုကြပါစို့။ တက္ကသိုလ်ပညာရေးတွင် အသက်မွေးဝမ်းကျောင်းပညာဟုဆိုနိုင်သည့်ဆေး ကျောင်း၊ ရေကြောင်းစသည်တို့တွင် အသုံးချရမှတ်ဟု၍ (ဥပမာ-Bed side ကဲ့သို့ တကယ့်လူနာအစစ်တွင် ဖြစ်ပေါ်နေသော ရောဂါလက္ခဏာအပေါ်အခြေခံကာဖြေရသည့်စာမေးပွဲ) ဖြေရာတွင် များစွာအခက်အခဲရှိကြသည်။အဘယ်ကြောင့်ဆိုသော် အသုံးချပညာရပ်များသည် ကျက်မှတ်ထား သော သီအိုရီများကို ပြန်အံရခြင်းမျိုးမဟုတ်ဘဲပြန်အသုံးချရခြင်းကြောင့် ဖြစ်သည်။ ကျက်အား ကောင်းသူများအဖို့ ကျက်မှတ်ထားသည်များကိုနားလည်အသုံးချနိုင်ဖို့ ငယ်စဉ်မူလတန်းအဆင့်ကပင် လေ့ကျင့်ပျိုးထောင်သင့်သည်။

တိုးတက်သောနိုင်ငံအများစုတွင် လက်ခံထားကြသည်မှာ မူလတန်းဟူသည်လူတစ်ယောက် ၏ဘဝအစဖြစ်သောကြောင့် ဖယောင်းသားလေးများကဲ့သို့ နုနယ်သောကလေးများ၏စိတ်ခွန်အား၊ဉာဏ်ခွန်အားကိုပြုစုပျိုးထောင်ရာတွင် အဓိကကျသောအချိန်ဖြစ်သည်ဟု ယူဆကြပါသည်။ နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ကျက်မှတ်ရခြင်းကို အားမပေးကြပါ။  ထိုနည်းအစားကိုယ်တိုင် လေ့လာထိတွေ့ ပါဝင်သင်ယူခြင်းကိုအားပေးကြသည်။ စာမေးပွဲအတွက် စာကျက်သည်ဟူ၍မရှိပါ။ စာမေးပွဲအတွက် စာဖတ်သည်သာရှိပါသည်။

အနောက်နိုင်ငံများရှိ ကျောင်းများနှင့်စင်ကာပူကဲ့သို့သောကျောင်းများတွင်စာမေးပွဲစစ်သည် ဟူ၍မရှိပါ။ အမှတ်ပေးသည့်စနစ်ကို ကျောင်းတွင်၊ စာသင်ခန်းတွင် လှုပ်ရှားမှုများ(ဥပမာ - participation in class group assignements/projects နှင့် individualassignments/projects) အပေါ်အခြေခံကာ အောင်/ရှုံးဆုံးဖြတ်ပါသည်။ ၎င်းအချက်များအပေါ်မူတည်ပြီးအမှတ်ပေးသော ကြောင့်ကျောင်းသူကျောင်းသားများသည် အတန်းတွင်း လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ကြသည်။

ဆရာမှမေးခွန်းတစ်ခု၏အဖြေကိုမေးသာအခါ သူ့ထက်ငါအပြိုင်ဖြေကြသည်။ထိုသို့ဖြေရာတွင် ဆရာမှမေးမေးချင်းအဖြေကို ပလုံးပထွေးအော်ပြောခြင်းမျိုးမဟုတ်ဘဲ လက်ထောက်ပြီးမိမိဖြေလို ကြောင်း သင်္ကေတအရင်ပြလေ့ရှိသည်။ ထိုအခါဆရာမှာ ပထမဆုံးလက်ထောင်သည့်ကလေးကိုအရင်ဆုံးဖြေစေသည်။ ထိုကဲ့သို့လက်ထောင်ကာခွင့်တောင်းခြင်းသည် ဆရာကိုသာမက မိမိအတန်း ဖော်များကိုပါလေးစားသမှုပြုခြင်းဟု ဆိုနိုင်ပါသည်။

ထိုကဲ့သို့သော ကျောင်းမျိုးတွင်ဆရာ၏သင်ကြားရေးနည်းစနစ်သည်ကျောင်းသားဗဟိုပြု သင်ကြားခြင်း Learner-centred approach ဖြစ်သည်။ သာဓကပြရသော် အပူပိုင်းဒေသတွင်ဖြစ်ထွန်းသော အပင်အမျိုးအကြောင်းသင်ကြာသည်ဆိုပါစို့။ ဆရာကမည်သည့်အပင်သည် အပူပိုင်းဒေသရှိအပင်ဖြစ်ကြောင်းပြောပြခြင်းမျိုးမဟုတ်ဘဲ ကလေးများကိုမိမိဘာသာစာကြည့်တိုက်တွင်သွား ရောက်ရှာဖွေစေခြင်း၊ အင်တာနက်တွင်ရှာဖွေစေခြင်းဖြင့် မိမိကိုယ်ကိုယ်အားကိုးတတ်လာအောင်သင်ကြားပေးခြင်းမျိုးဖြစ်သည်။

ထိုမှတစ်ဆင့် ဆရာက မည်သည့်အချက်အလက်များကို ထပ်ဆောင်းရှာဖွေရမည်(ဥပမာ အပင်သက်တမ်း၊ အပင်၏သွင်ပြင်လက္ခဏာများ အသုံးဝင်ပုံ) ကို သတ်မှတ်ကာ Frame ချပေးပြီးကလေးများအားအဖွဲ့ဖွဲ့ပေးကာ အပူပိုင်းဒေသရှိ အပင်များ၏မှတ်တမ်းကိုပြုစုခြင်းဖြစ်သည်။ထို့နောက် အဖွဲ့များအားမိမိရှာဖွေထားသည့် အပင်များ၏နမူနာကို ပုံဆွဲပြခြင်းဖြင့်လည်းကောင်း၊တကယ့်အပင် များကို နမူနာလာပြခြင်းဖြင့်လည်းကောင်း၊ ကိုယ်တိုင်ထိတွေ့လေ့လာခြင်းSelf-Observation ဖြင့် သိရှိမှတ်သားစေသည်။ တစ်ဖန်အဖွဲ့များအား အတန်းတွင်း မိမိရှာဖွေစုဆောင်းထားသည့်အချက်အလက်များ၊ နမူနာအပင်များကို Presentation ပေးခြင်းဖြင့်အတန်းဖော်များမှတစ်ဆင့် လေ့လာသင်ယူတတ်ခြင်းအကျင့် Cooperative Learning ကိုပြုစုပျိုးထောင်ပေးသည်။

ဆရာများသည် ကျောင်းသူကျောင်းသားများကိုငယ်စဉ်ကလေးဘဝကပင် မိမိဘာသာ တီထွင်ဖန်တီးနိုင်စွမ်း Creative Skill ကို မြှင့်တင်အားပေးသင့်သည်။တီထွင်ကြံဆနိုင်စွမ်းကို သိပ္ပံဘာသာရပ်တွင်သာမကဝိဇ္ဇာဘာသာရပ်များတွင်ပါ ပြုစုပျိုးထောင်နိုင်ပါသည်။ ဥပမာအားဖြင့် ပုံပြင်တစ်ပုဒ်သင်သည်ဆိုပါစို့။အနီးစပ်ဆုံး ယုန်နှင့်လိပ်အပြေးပြိုင်သည့် ပုံပြင်ဆိုပါစို့။ ကျောင်းသူ ကျောင်းသားများထိုပုံပြင်ကိုဖတ်ပြီးသောအခါတွင် ၎င်းတို့နားလည်၊ မလည်စစ်သည့် မေးနေကျ Comprehension questions များအပြင်၎င်းတို့၏တီထွင်ဖန်တီးနိုင်စွမ်းကို အားပေးသည့် အောက် ပါမေးခွန်းများကို မေးနိုင်သည်။

၁။ပုံပြင်တွင် လိပ်သည် အနိုင်ရသွားသည်။ လက်တွေ့တွင် မည်သူနိုင်ရမည်ဟု ထင်ပါ သနည်း။ အဘယ်ကြောင့်နည်း။

၂။သင်သာ ပုံပြင်ရေးသူဆိုလျှင် ပုံပြင် အဆုံးသတ်ကို မည်သို့ပြောင်းမည်နည်း။

၃။သင်သာ ထိုပုံပြင်မှ ယုန်ဖြစ်ပါက မည်သို့ခံစားရမည်နည်း။

၎။ သင်သာထိုပုံပြင်မှ လိပ်ဖြစ်ပါကမည်သို့ ခံစားရမည်နည်း။

ထို့နောက်ပုံပြင်ကို သရုပ်ဖော်သည့်ရုပ်ပုံကားချပ်များရေးဆွဲစေခြင်း၊ ပုံပြင်သရုပ်ဖော်ပြဇာတ် များပြုလုပ်ခြင်းဖြင့် ပျော်ရွှင်လွတ်လပ်သောသင်ကြားမှုဝန်းကျင်တွင် ကျောင်းသူကျောင်းသားများ၏ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်။

တချို့က ဝေဖန်ပါလိမ့်မည်။ မူလတန်းကလေးများသည်ငယ်လွန်းသေးသည်။ ၎င်းတို့မိမိဘာ သာသင်ယူတတ်ဦးမည်မဟုတ်ဟု ထင်မှတ်ပါလိမ့်မည်။ လိုအပ်သည်မှာဆရာများ၏တိကျသေချာ သော လမ်းညွှန်ပြသမှုသာဖြစ်သည်။ ထိုသို့ဆိုရာတွင်တိုက်ရိုက်သင်ပြပေးခြင်းကိုမဆိုလိုပါ။ လမ်းညွှန် မှုကိုသာဆိုလိုပါသည်။

ယခုခေတ်တွင် Spoon Feeding ဆိုသော အဆင့်သင့်ခူးခပ်ပြီးခွံ့ကျွေးသော ပညာရေးစနစ် သည်နိုင်ငံအများစု၌ အသုံးမဝင်တော့ပါ။ အားလည်းမပေးကြတော့ပါ။ထိုစနစ်သည်ကျောင်းသား ကျောင်းသူများ၏ ရှိရင်းစွဲဉာဏ်ရည်ဉာဏ်သွေးနှင့် လုပ်ဆောင်မှုစွမ်းရည်ကိုရိုက်ချဖျက်ဆီးပစ်ခြင်းနှင့် တူပါသည်။ မြန်မာကျောင်းသူကျောင်းသားများ မညံ့ကြပါ။

တခြားသောဖွံ့ဖြိုးသောနိုင်ငံများမှ ကျောင်းသားကျောင်းသူများနှင့်ယှဉ်နိုင်ပါသည်။ လိုအပ် သည်မှာ ၎င်းတို့ပြုစုပျိုးထောင်ခံရသည့်ခွံ့ကျွေးနည်းလမ်းမှ မိမိဘာသာ ခူးခပ်စားတတ်သည့်နည်း လမ်းကို ပြောင်းလဲသင်ယူစေခြင်းပင်ဖြစ်သည်။

သီဟရာဇာ(မြန်မာ)