ဆရာကိုယ်တိုင်လည်း အမြဲလေ့လာဆည်းပူးနေပါ
(၁)စာဖတ်ပါ
မိမိသင်ကြားပို့ချပေးနေသော ဘာသာရပ်နှင့်ပတ်သက်သည့် နောက်ဆုံးပေါ်ထွက်ရှိလာသော စာတန်းများ၊ ဘာသာရပ်ဆိုင်ရာဂျာနယ်များကို အမြဲလေ့လာစုံစမ်းပြီး ဖတ်ရှုလေ့လာနေရမှာဖြစ်ပါ တယ်။ သက်ဆိုင်ရာဘာသာရပ်အကြောင်းပြုလုပ်သောအလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ၊ စာတမ်းဖတ်ပွဲများကို ကိုယ်တိုင်တက်ရောက်နားထောင်ရန်လက်လှမ်းမီရင်လည်းတက်ရောက်ပါ။ မတက်ရောက်နိုင်ရင်လည်း ထွက်ရှိလာသောစာတန်း၊ ပုံနှိပ်စာမှုများကို တစ်နည်းနည်းနဲ့ရအောင် ရှာဖွေကြိုးပန်းပါ။ သုတေသနရလဒ်အသစ်တွေ၊ နည်းလမ်းအသစ်တွေ၊စိတ်ကူးအသစ်တွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ မိမိဖတ်ရှုခဲ့ရသော အကြောင်းအရာများ၊ သီအိုရီများ၊နည်းပညာအသစ်များ ကို အသုံးချပြီး တပည့်များအားပြန်လည်ပို့ချသင်ကြားနိုင်ပါတယ်။ သို့မှသာဆရာတစ်ယောက်ဟာ ခေတ်နောက်ကျကျန်မနေဘဲ အသိပညာအသစ်၊ အတက်ပညာအသစ်များ၊ မိမိတပည့်များအားလက်ဆင့်ကမ်းအမွေ ပေးနိုင်မှာဖြစ်တယ်။
ယခုခေတ်ဆိုလျှင် အင်တာနက်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာနိုင်ပြီဖြစ်တဲ့အတွက် မိမိသင်ကြားပေးသည့် ဘာသာရပ်နှင့်သက်ဆိုင်သော ပြည်တွင်းမှာသော်လည်းကောင်း၊နိုင်ငံတကာ မှာသော်လည်းကောင်း၊ ကျင်းပသောညီလာခံတွေက သတင်းကို အလွယ်တကူရရှိနိုင်ပြီဖြစ်ပါတယ်။ကြိးမှုးကျင်းပသော သက်ဆိုင်ရာအဖွဲအစည်းကုမ္ပဏီ တက္ကသိုလ်၏၀က်ဘ်ဆိုက်ထဲတွင် ၀င်ရောက် လေ့လာခြင်းဖြင့်မိမိလိုချင်သော စာတမ်းတွေကို Downloadလုပ်ပြီး ဖတ်နိုင်ပါတယ်။ Member ၀င်သင့်ရင်လည်းဝင်ရပါမယ်။ မဖြစ်စလောက်အခကြေးငွေပေးသွင်းရတာမျိုးရှိရင်လည်း စိုက်ထုတ် ရင်းနှီးသင့်ပါတယ်။
(၂)သင်၏ကျွမ်းကျင်မှုတိုးတက်စေရန် မွမ်းမံသင်တန်းများတက်ပါ
ဘယ်ဘာသာရပ်မဆို နှစ်ကြာလာသည်နှင့်အမျှ ခေတ်ဟောင်းကနည်းလမ်းတွေကျန်နေခဲ့ပြီး ကျွမ်းကျင်မှုအသစ်တွေ၊ လေ့ကျင့်ခန်းအသစ်တွေ၊ စဉ်ဆက်မပြတ် ပေါ်ထွက်နေတာဖြစ်ပါတယ်။စာအုပ်စာတမ်းများထဲမှာသာ ဖတ်ရှု့လေ့လာရုံနဲ့ မလုံလောက်ပါဘူး။ အထူးပြုလုပ်သော မွမ်းမံသင်တန်းတွေ ဖွင့်ပေးလေ့ရှိပါတယ်။ အဲဒီလိုသင်တန်းတွေကိုလည်း တက်ဖြစ်အောင်တက်ရပါမယ်။ မိမိအလုပ်လုပ်နေသောတက္ကသိုလ်ကောလိပ်၊ ဒေသဆိုင်ရာကောလိပ်မှာဖွင့်တာမျိုး ဖြစ်ချင်ဖြစ်မယ်။ နိုင်ငံတကာတက္ကသိုလ်အဖွဲအစည်းတစ်ခုခုတွင်ဖွင့်လျစ်သော မွမ်းမံသင်တန်းမျိုး ဖြစ်ချင်လည်းဖြစ်ပါ လိမ့်မည်။ များသောအားဖြင့် ဒီလိုသင်တန်းမျိုးကရက်တိုသင်တန်းတွေ ဖြစ်တတ်ပါတယ်။ အကြောင်း ကတော့ ယခင်တတ်ပြီးသား သင်တန်း၊ သင်ရိုးညွှန်းတမ်းများအပေါ်မှာအခြေခံပြီး ရက်တိုတိုနဲ့ ပြီး အောင်မွမ်းမံထားသော သင်တန်းတွေဖြစ်လို့ပါပဲ။
မွမ်းမံသင်တန်းတက်ခြင်းအားဖြင့် မိမိမေ့လျော့နေသောနည်းပညာတေမဟာဗျူဟာတွေအ ကြောင်း ပြန်လည်သိရှိနားလည်ပြီး သင်ကြားပို့ချတဲ့အခါ ပြန်လည်အသုံးပြုနိုင်ပါတယ်။တစ်ခါတစ်ရံ အချို့သောနည်းပညာတွေက မိမိကြားဖူးသင်ဖူးသော်လည်း မေ့နေတာမျိုးရှိတတ်ပါတယ်။အများသူ ငါသုံးသော သုံးနေကျနည်းလမ်းများထဲမှာဘဲ သုံးနေမိတတ်ကြပါတယ်။ မွမ်းမံသင်တန်းတက်လိုက်တော့မှ အဲဒီမေ့နေတဲ့နည်းပညာတွေကို ပြန်လည်သတိရပြီး အကျိုးရှိစွာ ပြန်လည်အသုံးချဖြစ်နိုင်ပါတယ်။
ဒီမှာလည်း အချိျု့သာကျွမ်ကျင်မှုမျာအတွက် အွန်လိုင်းကနေသင်တန်းတက်ရတာမျိုးရှိနိုင်ပါ တယ်။ အင်တာနက်အသုံးချပြီး ကွန်ပျူတာတစ်လုံးရှိရုံနဲ့ မွမ်းမံသင်တန်းတစ်ခုတက်နိုင်ပါတယ်။နိုင်ငံတကာမှာဖွင့်လှစ်တဲ့မွမ်းမံသင်တန်းတစ်ခုခုကို တက်ရောက်နိုင်ရန်အတွက် မိမိအလုပ်လုပ်နေတဲ့လုပ်ငန်းခွင်အဖွဲ့စည်းကသော်လည်းကောင်း စကောလားရှစ်သဘောမျိုး၊ သင်တန်စရတ်ထောက်ပံ့ ပေးမည့်နိုင်ငံတကာအဖွဲ့အစည်း၊ တစ်ခုခုသော်လည်းကောင်း ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဖောင်ဒေး ရှင်းတစ်ခုခုလည်းဖြစ်နိုင်သလိုပုဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂလိကပိုင်ကုမ္ပဏီ တစ်ခုခုထဲမှလည်း အကူအညီတောင်းနိုင်ပါတယ်။
(၃) အခြားဆရာတွေ ဘာလုပ်နေလဲလေ့လာပါ
မည်သည့်အလုပ်မဆို မိမိ၏စွမ်းဆောင်နိုင်ပုံနှင့်နှိုင်းယှဉ်သော် အခြားလုပ်ဖော်ကိုင်ဖက် တစ်ဦး ဦး၏ လုပ်ငန်းစွမ်းဆောင်နိုင်မှုကို လေ့လာစောင့်ကြည့်သင့်ပါတယ်။
တော်တဲ့ဆရာရှိရင်သူဘာကြောင့်တော်ရသလဲ၊ အသင်အပြဘယ်လိုကောင်းတာလဲ၊ သူ့ထံက ဘယ်လို နည်းနာခံရမလဲ၊ အတုခိုးရမလဲဆိုတာစဉ်းစားရပါမယ်။ သူနဲ့ထပ်တူထပ်မျှ အတုခိုးနိုင်စွမ်းမ ရှိရင်တောင် မှီငြိမ်းပြုနိုင်သောအခြေအနေနည်းပညာများကို လေ့လာရပါမယ်။
ဒါတင်မကသေးပါဘူး လုပ်ဖော်ကိုင်ဖက်ကျောင်းဆရာတစ်ဦးဦးဘယ်လိုရုံးကန်ရှင်သန်ရတယ်၊ အခက်ခဲတွေ ဘယ်လိုဖြေရှင်းနေရတယ်ဆိုတာတွေနဲ့ ပတ်သက်လို့လည်းသိရှိလေ့လာသင့်ပါတယ်။ သူ့နေရာမှာကိုယ်သာဆိုရင် ဘယ်လိုရုန်းကန်ရမလဲဆိုတာ ကိုယ်ချင်းစာကြည့်ရပါမယ်။
တကယ်လို့ စာသင်ညံ့ဖျင်းသောနာမည်ဆိုးနှင့်ကျော်ကြားသော ကျောင်းဆရာတစ်ဦးဦး ရှိနေရင်လည်း သူဘာကြောင့်နာမည်ဆိုးရသလဲ၊ ဘယ်လိုချို့ယွင်းချက်တွေကြောင့်တပည့်များအား သင်ြကားပုံ ညံ့ဖျင်းနေရသလဲ၊ သူ့မှာဘာတွေလိုအပ်နေသလဲဆိုတာကို လေ့လာကြည့်ပါ။ဆိုလိုချင် တာက ကောင်းတာတွေ့ရင်ဘာကြောင့် ကောင်းသလဲ၊ ဆိုးတာတွေ့ရင် ဘာကြောင့်ဆိုးသလဲဆိုတာရှာဖွေဖော်ထုတ်နိုင်ရန်ဖြစ်တယ်။ ဒီအချက်အလက်တွေကို မှတ်သားထားပြီး မိမိစာသင်ခန်းထဲမှာဘယ်လိုအကောင်းဆုံးလုပ်နိုင်သလဲဆိုတာ လေ့လာသင်ယူနိုင်ပါတယ်။
(၄) မိမိလုပ်ရပ်များ ရောင်ပြန်ဟပ်ပါသည်
စာသင်ခန်းထဲမှ ပို့ချချက်ပြီးသည့်အခါ ဒါမှမဟုတ်တစ်နေ့တာသင်ကြားပို့ချမှုအလုပ်တွေ ပြီးစီးသွားသည့်အခါ ကိုယ့်ရဲ့တစ်နေ့တာဆောင်ရွက်ချက်များ၏ရောင်ပြန်ဟပ်မှုကို လေ့လာရပါမယ်။ သင်ကြားမှုအောင်မြင်သလား၊ ထိရောက်သလား၊ တပည့်တွေ နားလည်သဘောပေါက်သွားကြလား၊စာသင်ရတာ ပျော်ရွှင်မှုနှင့်အတူ လေ့လာသင်ယူရရှိမှုတွေကောင်းရဲ့လား၊ ဒါမှမဟုတ် ကိုယ့်ရဲသင်ကြားပို့ချမှုသာမန်မျှသာဖြစ်သလား၊ ညံ့ဖျင်းခဲ့သလား၊ တပည့်တွေဘာမှနားမလည်ဘဲ ပြီးသွားသလား၊ချီးကျူးခံရသလား၊ နှာခေါင်းရှုံ့ခံရသလား၊ စာကသိပ်ခတ်နေသလား၊ သင်လိုက်တော့မှ ပိုပြိးခေါင်းရှုပ်သွားသလားစသည်ဖြင့် အကျိုးသက်ရောက်မှုတွေ ရောင်ပြန်ဟပ်မှုတွေကို ပြန်လည်စမ်းစစ်သင့်ပါတယ်။ အကောင်းဆုံးသင်ပေးနိုင်ခဲ့တာက ဘာရှိသလဲ၊ သင်ကြားပို့ချမှုထဲမှာ ဘယ်ကလေးတော့ လိုသွားခဲ့သလဲ၊ဒီထက်ကောင်းအောင် လုပ်နိုင်လေလား၊ ဘယ်အချက်တွေကိုတော့ မလိုအပ်ဘဲ ထပ်ကာထပ်ကာ သင်ပေးနေမိခဲ့ပြီ၊အပိုတွေဖြစ်သွားသလားစသည်တို့ကို မိမိကိုယ်ကိုမိမိ ပြန်လည် စမ်းစစ်ရမှာဖြစ်ပါတယ်။
နိဂုံးချုပ်အဖြစ် ဆရာတစ်ဦးဟာ မိမိအလုပ်နဲ့ပတ်သက်ပြီးအမြဲတမ်းစိတ်အားထက်သန်မှုရှိရပါ မယ်။ မိမိသင်ကြားပို့ချသော ဘာသာရပ်ကိုချစ်မြတ်နိုးပြီးသဘောကျနှစ်ခြိုက်သူဖြစ်ရပါမယ်။ စာသင်ပေးရမယ်ဆိုရင် အမြဲတမ်းရွှင်လန်းတက်ကြွနေရပါမယ်။ကျောင်းသားများရဲ့ ဖွံ့ဖြိုးတိုးတက်မှု နှင့်လိုအပ်သော သင်ထောက်ကူပစ္စည်းများနှင့် ပတ်သက်ပြီးဂရုတစိုက်ရှိရပါမယ်။ ပို၍စိတ်ဝင်စား လွယ်သော ဖျော်ဖြေမှုလည်းပါသော သင်ကြားပုံမျိုးဖြစ်ရပါမယ်။သင်ပြီးသမျှ ပြန်လည်ရွတ်ဆို နိုင်ယုံမျှနှင့် မကျေနပ်ဘဲ အချက်အလက်ကျကျနနနှင့် စီစဉ်တင်ပြတတ်မှုကိုအားပေးရပါမယ်ဆိုတာ တင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။