မှန်ကန်ယဉ်ကျေးချိုသာအေး ဆို ရေးတတ်ပါစေ

ဆယ်ခုမြောက် မင်္ဂလာတရားတော်“ဘုဘာသိကာစ ယာဝါစာ”ပါ။ “ကောင်းမြတ်သောစကား ကိုပြောဆိုခြင်းသည် မင်္ဂလာမည်၏”လို့ ဆရာကြီးဦးသုခရဲ့“မင်္ဂလသုတ်အဖွင့်”စာအုပ်မှာ ဆိုပါတယ်။ ပညာ့မဉ္ဇူဆယ့်ငါးစောင်တွဲမှာတော့ “အင်္ဂါလေးပါးနှင့်ပြည့်စုံသောစကားကိုပြောဆိုခြင်းသည် မင်္ဂလာ မည်၏”လို့ဖွင့်ပါတယ်။ ဆရာကြီးဒဂုန်ဦးထွန်းမြင့်ကတော့ “မှန်ကန်ယဉ်ကျေးချိုသာအေးဆိုရေးတတ်ပါစေ”လို့ စပ်ဆိုပါတယ်။

လူလူချင်းပေါင်းသင်းဆက်ဆံတဲ့နေရာမှာ မပါမဖြစ်ပါကိုပါနေရတာကတော့ဒီစကားပြောခြင်း ပါပဲ။ စကားပြောပြီးပဲတစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ကြရတာကိုး။ ဒီတော့လူအချင်းချင်းဆက် သွယ်ကြရတာကိုး။ ဒီတော့လူအချင်းချင်းဆက်သွယ်ပေါင်းသင်းကြရမှာ စကားပြောခြင်းကအတော်ကိုအရေးပါတဲ့ ကဏ္ဍမှာရှိနေပါတယ်။ စကားတစ်ခွန်းကြောင့် စစ်ပွဲကြီးတစ်ပွဲဖြစ်သွားနိုင်တယ်။စကား တစ်ခွန်းကြောင့်ပဲ စစ်ပွဲကြီးကိုရပ်တံ့သွားစေနိုင်တာပါပဲ။

“နေ့တိုင်းပြောနေပြီး မတတ်တာစကား” “မကြာခဏမှားမှားပြီးဖွင့်မိတာပါးစပ်ပေါက်”ဆိုတဲ့ စကားတွေလည်း ရှိပါတယ်။ နောက်ပြီး “မွေးလာသောလူသား၏ ပါးစပ်ထဲ၌ဓားမကြီးရှိနေ၏။ယင်းဓားမကြီးဖြင့်ပင် လူမိုက်သည်မကောင်းပြောလျက် မိမိကိုယ်ကိုပိုင်းဖြတ်ခံရ၏”တဲ့။ ဓားမကြီးဆိုတာ “လျှာ”ကိုပြောတာပါ။ “လျှာ”ကိုကောင်းစွာ အသုံးမချတတ်တာကြောင့် အကျိုးစီးပွားပျက်စီးရတယ်။ ဘဝပျက်ရတယ်။ အသက်သေရတယ်ဆိုတာတွေ အများကြီးရှိပါတယ်။ ဂျပန်တွေကတော့ “လျှာသည်သုံးလက်မသာရှည်သော်လည်း ခြောက်ပေမြင့်သော လူတစ်ယောက်ကိုသေစေနိုင်တယ် ” လို့ဆိုကြပါတယ်။ ဒါကြောင့်လည်း“နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ” ဆိုတဲ့စကားတွေဖြစ်လာ တာပေါ့။

“လျှာ”ကို ကောင်းစွာအသုံးချတတ်တဲ့သူတွေ၊ တစ်နည်းအားဖြင့်စကားကောင်းပြောတတ်တဲ့သူတွေကျတော့လည်း ကောင်းကျိုးစီးပွားတွေရကြ၊ တိုးတက်အောင်မြင်မှုရကြတာတွေလည်းများမှ များပါ။ဒါ့ကြောင့် “ချစ်စေလို ခံတွင်းလက်နှစ်သစ်”၊ “နှုတ်ချိုသျှိုတစ်ပါး”၊ “နှုတ်ကောင်းတော့ပြည်စိုး” ဆိုတဲ့ စကားတွေဖြစ်လာတာနေမှာ။

လူသားမှန်သမျှ ဘယ်လူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာစကားကိုပဲပြောပြောအလွန်သေချာတာ ကတော့ စကားပြောကြရတာပါပဲ။ ဒါ့ကြောင့် လူမျိုးအသီးသီးကပြောထားကြတဲ့စကားနဲ့ပတ်သက်တဲ့ မှတ်သားဖွယ်တွေရှိကြပါတယ်။ ဒို့မြန်မာ့ယဉ်ကျေးမှုမှာလည်း စကားနဲ့ပတ်သက်တဲ့မှတ်သားစရာတွေ အများကြီးမှ အများကြီးပါ။

ဆောင်ပါးအစပိုင်းမှာ တင်ပြခဲ့တာရှိပါတယ်။“အင်္ဂါလေးပါးနှင့်ပြည့်စုံသော စကားကိုပြောခြင်း သည် မင်္ဂလာမည်၏”ဆိုတာလေး အရင်တင်ပြလိုပါတယ်။စကားအရာအင်္ဂါလေးတန်လို့လည်း ဆိုကြပါတယ်။ အဲဒါတွေကတော့………

၁။သုဘာသိတဝါစာ   =  ကောင်းသောစကား။

၂။ဓမ္မဝါစာ = တရားနှင့်ညီသောစကား၊

၃။ပီယဝါစာ = ချစ်ဖွယ်သောစကား

၎။ သစ္စဝါစာ = မှန်သောစကား ဆိုတာတွေပဲဖြစ်ပါတယ်။ဒီစကားအရာ အင်္ဂါလေးတန်ဆိုတာ “မှန်ကန်တဲ့စကားကို တရားနဲ့အညီကောင်းမွန်ချေငံစွာ ပြောရမယ်”ဆိုတဲ့သဘောပါပဲ။တချို့နေရာ တွေမှာတော့ စကားအရာ အင်္ဂါငါးတန်ဆိုတာလည်း တွေ့ဖူးပါတယ်။ မည်သည့်စကားကိုပဲပြောပြောမေတ္တာစိတ်”ဖြင့် ပြောရမယ်ဆိုတာလည်း မှတ်သားရဖူးပါတယ်။

ဒို့ရွှေမြန်မာတွေကြားမှာ အများနားယဉ်နေတဲ့စကားတစ်ခုရှိပါတယ်။ အဲဒါကတော့ “စကား ခြောက်ခွန်း လူ၌ထွန်းလေးခွန်းကိုပယ် နှစ်ခွန်းတည်”ဆိုတာပါပဲ။ဒီစကားက အတော်များများကြားဖူး နာဝရှိကြတာမှန်ပေမဲ့ ဂဃနဏသိတဲ့သူတော့ အနည်းသား။ ဒါ့ကြောင့်ကလေးတွေကို ရှင်းပြပေးဖို့ ထည့်သွင်းဖော်ပြလိုက်ပါတယ်။

စကားခြောက်ခွန်း

၁။  အကြောင်းအရာကလည်း မမှန်၊ နားထောင်တဲ့သူကလည်း မကြိုက်၊အကျိုးလည်းမရှိ၊

၂။  အကြောင်းအရာကလည်း မမှန်၊ နားထောင်သူကတော့ ကြိုက်တယ်၊အကျိုးတော့မရှိ၊

၃။အကြောင်းအရာကတော့ မှန်တယ်၊ နားထောင်သူကလည်း ကြိုက်တယ်၊ အကျိုးတော့မရှိ၊

၎။အကြောင်းအရာကတော့ မှန်တယ်၊ နားထောင်သူကတော့မကြိုက်၊ အကျိုးလည်းမရှိ၊

၅။အကြောင်းအရာကတော့ မှန်တယ်၊ နားထောင်သူက မကြိုက်၊ အကျိုးတော့ရှိတယ်။

၆။ အကြောင်းအရာကလည်း မှန်တယ်၊ နားထောင်သူကလည်း  ကြိုက်တယ်၊ အကျိုးလည်း ရှိတယ်။

အဲဒီစကားခြောက်ခွန်းမှာ အမှတ်စဉ် တစ်ကနေလေးအထိစကားလေးမျိုးကို မပြောသင့်ပါ ဘူးတဲ့။ ဒါ့ကြောင့်မို့လို “လေးခွန်းကိုပယ်”လို့ပြောထားတာပါ။ကျန်တဲ့အမှတ်စဉ်ငါးနဲ့ခြောက်ကိုပဲ ပြောပါတဲ့။ ဒါ့ကြောင့် “နှစ်ခွန်းတည်း”လို့ ဆိုထားတာပါ။

ဒီစကားခြောက်ခွန်းကိုသေချာလေ့လာကြည်ရင် မှန်တဲ့စကား၊ မမှန်တဲ့စကားဆိုတာရယ်၊ အကျိုးရှိတဲ့စကား၊ အကျိုးမရှိတဲ့စကားရယ်ဆိုပြီးနှစ်ပိုင်းတွေ့နိုင်ပါတယ်။ ပြောပါလို့တိုက်တွန်းထားတဲ့ စကားနှစ်ခွန်းကိုကြည့်ရင် “မှန်တဲ့စကား၊အကျိုးရှိတဲ့စကား”တွေပဲ ဖြစ်တာတွေ့ရမှာပါ။ အကျိုးမရှိတဲ့စ ကားကိုတော့ မှန်သည်ဖြစ်စေမပြောသင့်ဘူးလို့ဆိုထားပါတယ်။ မမှန်တဲ့စကားကတော့ လုံးဝမပြောရ မယ့် စကားပါ။

သုဘာသိတာအဖြစ်ဆုံးစကားကတော့ အမှတ်စဉ်ခြောက်ဖြစ်တဲ့အကြောင်းအရာကလည်းမှန်ကန်တယ်၊ နားထောင်ရသူတွေကလည်း ကြိုက်တယ်၊ အကျိုးလည်းရှိတယ်ဆိုတဲ့ စကားမျိုးပေါ့။အထူးသဖြင့် ဘာသာရေးတရားပွဲတွေနဲ့ အချို့သောပညာပေးဟောပြောပွဲ၊ ပညာရပ်ဟောပြောပွဲ တွေမျိုးပေါ့။“ထီးလိုမင်းလို”ဆိုတာ ဒီပွဲမျိုးတွေပါ။

အမှတ်စဉ်ငါး စကားမျိုးကလည်း “သုဘာသိတာ”ဖြစ်တာပါပဲတဲ့။ပြောတဲ့အကြောင်းအရာက မှန်ကန်တယ်။ အကျိုးလည်းရှိတယ်။ သို့ပေမဲ့ နားထောင်တဲ့သူတွေကတော့မကြိုက်တတ်ပါဘူးတဲ့။ ဥပမာအားဖြင့် လုပ်ငန်းစဉ်တစ်ခုရဲ့ အားနည်းချက်တွေကို ထောက်ပြဝေဖန်တဲ့အခါမျိုး။အပြုအမူ၊ အပြောအဆို၊ အနေအထိုင်လွဲချော်နေလို့ ဆုံးမသွန်သင်ခံရတာမျိုးတွေပေါ့။ များသောအားဖြင့်ဒါမျိုး တွေဆိုရင် အပြောခံရတဲ့သူတွေက မကြိုက်တတ်ကြပါဘူး။ “ဆုံးမစကား၊ ခါးခါးသက်သက်၊နားကြားခက်၏”ဆိုတာမျိုးပေါ့။ သို့သော်လည်း မှန်ကန်တဲ့စကားလည်း ဖြစ်ပြန်၊ လိုက်နာကျင့်သုံးလိုက်ရင်လည်း ကောင်းကျိုးဖြစ်ထွန်းမှာသေချာတဲ့စကားမို့ “သုဘာသိတာ”ဖြစ်ပါသတဲ့။ မဖြစ်မနေပြောကြပါလို့ တိုက်တွန်းထားတဲ့အထဲမှာ ပါပါတယ်။

ဆရာကြီးဒဂုန်ဦးထွန်းမြင့်က “သုဘာသိတာ”ကိုဖွင့်ထားတာကတော့အလွန်ကိုလှပါတယ်။ “မှန်ကန်ယဉ်ကျေးချိုသာအေး၊ ဆိုရေးတတ်ပါစေ”တဲ့၊ မှန်တဲ့စကားကိုယဉ်ယဉ်ကျေးကျေး၊ချိုချိုသာ သာ၊ အေးအေးချမ်းချမ်းပြောရမယ်လို့ ဆိုထားတာပါ။ အားလုံးပြည့်စုံသွားတာပါပဲ။

အရှင်မဟာရဋ္ဌသာရဆရာတော်ဘုရားကြီးကတော့ “တစ်ယောက်စကား၊တစ်ယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကာသို့ ချိုလှစေ”လို့ဆုံးမခဲ့ပါတယ်။ “ညောင် ပင်သာ ဆရာတော်ကတော့”၊ “တံတားအို မှောင်ခိုမလျှောက်နဲ့၊ စကားဆိုတောင်လိုမမောက်နဲ့၊ တံတားအို မှောင်ခိုလျှောက်တော့ ကျိုးတတ်တယ်၊ စကားဆိုတောင်လိုမောက်တော့ငြိုးတတ် တယ်”ဆိုပြီး သတိပေးထားပါတယ်။

စကားနဲ့ပတ်သက်လို့ကတော့ မှတ်သားစရာတွေ အလွန်များပါတယ်။“စကားစကားပြောပါ များက စကားထဲကဇာတိပြ၍ မာနတံခွန်ထူတတ်သည်”ဆိုတာရှိသလို၊ “စကားနောက်တရားပါ။စကားနည်းရန်စဲ၊ အပြောမတတ်တော့ဆဲသလို”စတာတွေ အများကြီးပါ။ တပည့်လေးတွေနားယဉ်နေ အောင်ပြောပြပေးကြစေချင်ပါတယ်။

“သုဘာသိတာ”နဲ့စပ်လို့ ပြောသင့်တဲ့စကားတွေကိုဖော်ပြသလို၊ မပြောရမယ့် စကားတွေကို လည်းတပည့်လေးတွေကို ပြောပြပေးရမှာပါ။ အလွယ်တကူပြောရရင်တော့“ဝစီဒုစရိုက်လေးပါး”ပါ။ အဲဒါတွေကတော့……

၁။မုသာဝါဒါ = မမှန်တဲ့စကားကိုပြောကြားခြင်း

၂။ပိသုဏဝါစာ = တစ်ဦးနဲ့တစ်ဦး ခင်မင်မှုပျက်ပြားအောင် ဂုံးတိုက်စကားပြောခြင်း

၃။ဖရုဿဝါစာ = ရုန့်ရင်းကြမ်းတမ်းသောစကားကို ပြောကြားခြင်း။

၎။ သမ္ဖပ္ပလာပဝါစာ = အကျိုးမရှိ သိပ်ဖျင်းသောစကားကိုပြောကြားခြင်းဆိုတာတွေပါပဲ။ အဓိကအရေးကြီးဆုံးကတော့ ကိုမြအေး၊ မမြအေးတို့ တပည့်လေးတွေမုသားမပြောတတ်ကြအောင် (လိမ်မပြောတတ်အောင်) အထူးအလေးထား သွန်သင်ပေးကြစေချင်ပါတယ်။ မုသာဝါဒါကိုကောင်း စွာစောင့်ထိန်းနိုင်ရင် ကျန်တဲ့ဝစီဒုစရိုက်သုံးပါးကို ထိန်းဖို့အလွန်လွယ်သွားပါပြီ။ဒါ့ကြောင့်ပါ။

ဒီဝစီဒုစရိုက်လေးပါးကို စောင့်ထိန်းခြင်းဖြင့်လည်းတပည့်လေးတွေအတွက် “သုဘာသိတာဝါ စာ”ကောင်းသောစကားကိုပြောခြင်းဟာ အလိုအလျောက်ဖြစ်ထွန်းသွားမှာပါ။ကောင်းသောစကားကို ပြောသူတွေဟာ ကောင်းသောအလုပ်ကိုလုပ်ဖြစ်မှာပါ။ ဒီတော့ကောင်းကျိုးချမ်းသာမင်္ဂလာဟာလည်း“ကျွဲကူးရေပါ”ဆိုသလို ဖြစ်သွားမှာပါ။ ဒါ့ကြောင့်တပည့်လေးတွေ “မှန်ကန်ယဉ်ကျေးချိုသာအေး”ဆိုရေးတတ်စေဖို့ အတွက်…….

ကိုမြအေး၊ မမြအေးတို့နဲ့သက်ဆိုင်သူအားလုံးတွေးချိန်ချင့်နိုင်ကြပါစေကြောင်း။

မောင်ဒီပ(ပညာရေး)