ဆရာကောင်းဆိုတာမျိုးက ဒီလို
မောင်ဒီပတို့ ငယ်ငယ်တုန်းကတော့ တော်တော်ကံကောင်းတယ်လို့ပြောလို့ရပါတယ်။ တော မြို့ကလေးမှာ မွေးဖွားကြီးပြင်းတဲ့အလျောက် ကျောင်းစတက်ပြီဆိုတော့ဘုန်းတော်ကြီးသင်ပညာ ရေး(ဘက)နဲ့ စတင်ခွင့်ရခဲ့ပါတယ်။ ကျောင်းရောက်ရောက်ချင်း နှုတ်တက်ဆောင်တာကတော့“ဩကာသကန်တော့ချိုးပါပဲ။ ကကြီးခခွေးမတတ်သေးသာရှိရမယ်။ ဘုရားရှိခိုးကတော့ သိပ်မကြာ ခင်အလွတ်ရသွားပါရော။နေ့တိုင်းဘုရားရှိခိုးရတာကိုး။ တစ်နှစ်ကျော်ကျော်လောက် ဘကကျောင်း မှာတက်ခဲ့ရတယ်။”
တန်းကျောင်း(မူလတန်းကျောင်း) ကိုရောက်တော့လည်း နေ့တိုင်းဘုရားရှိခိုးရတယ်။တန်း ကျောင်းရောက်လို့ ထူးခြားသွားတာကတော့ နိုင်ငံတော်အလံအလေးပြုရတယ်။ ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းကို အလေးပြုရတယ်။ နိုင်ငံတော်သီချင်း(ကမ္ဘာ မကျေ)ကို ကျောင်းတက်တဲ့ရက်တိုင်း ဆိုရ၊ အလေးပြုရပါတယ်။ အလေ့အကျင့်ကောင်းတွေ စွဲမြဲခဲ့ရပါတယ်။
တတိယတန်းရောက်တော့ အတန်းပိုင်ဆရာမက ဘုရားရှိခိုးကို ဩကာသကနေငါးပါးသီလ အဆုံးအထိ တစ်နေ့နည်းနည်းစီရှင်းပြပေးတယ်။ ဒါ့ကြောင့် အဓိပ္ပာယ်ကို အတော်အတန်နားလည်သဘောပေါက်ခဲ့ရတယ်။ ထူးထူးခြားခြား ဒီကနေ့အထိ မှတ်မိနေတာကတော့ “ဩကာသဆိုသည်မှာ ရှိခိုးပူဇော်၊ဖူးမြော်ကန်တော့ခြင်းကို ခံယူတော်မူပါဘုရားဟု ခွင့်တောင်းခြင်းဖြစ်ပါသည်”ဆိုတာပါပဲ။ငါးပါးသီလကိုလည်း ဆရာမကပုံပြင် သာဓကလေးတွေနဲ့ ပြောပြတာမို့ စွဲစွဲမြဲမြဲရှိခဲ့ပါတယ်။
စတုတ္တတန်းရောက်တော့ ဆရာကြီးဒဂုန်ဦးထွန်းမြင့်ရဲ့ မင်္ဂလာကဗျာတွေအလွတ်ရနေပြီ။နေ့တိုင်းဆိုရတာကိုး။ အဓိပ္ပာယ်တော့ ရှင်းရှင်းလင်းလင်းမသိလှပါဘူး။ ဒါပေမဲ့ကဗျာတွေကတော့ညက်ညက်ကျေနေပါပြီ။ နောက်အတန်းတွေကြီးလာတော့လည်း “လောကသာရပျို့” “ဝေဿန္တရာ” “မဟောသဓာ”ဇာတ်တော်တွေအပြင်ဦးပုညဝတ္ထုတွေဖြစ်တဲ့ ဆဒ္ဒန်ဆင်မင်း၊ ယုန်မင်းအစရှိတာတွေ သင်ယူရတာဆိုတော့ အသိအလိမ္မာဉာဏ်ပညာတိုးစရာတွေချည်းပါပဲ။ပြောချင်တာက ကျောင်းသား ဘဝမှာပဲ ဆရာကောင်းတွေရဲ့ကျေးဇူးကြောင့် ဘာသာရေး ဗဟုသုတကအတော်ကလေးသိနှင့်နေပြီဆိုတာပါပဲ။ ပိုပြီးတော့ ကံကောင်းတာကမောင်ဒီပရဲ့ ဘွားအေကြီးကလည်း ဥပုသ်နေ့တိုင်းဘုန်းကြီးကျောင်းကို ခေါ်သွားလေ့ရှိပါတယ်။ ဒါ့ကြောင့်ဘုန်းကြီးတွေ၊ ကိုရင်တွေနဲ့လည်းပြောတတ် ဆိုတတ် ယဉ်ပါးနေပြီ။ ပြီးတော့ ဥပုသ်နေ့တိုင်း သီလပေးတဲ့ဘုန်းတော်ကြီး ဟောကြားတဲ့တရား တွေလည်း “နားရည်ဝ”နေပြီ။ ဒီတော့ ဘာသာရေး အသိအတော်လေးအခြေခံရသွားပါတယ်။
အခြေခံပညာအဆင့်မှာ ကျေးဇူးရှင် ဆရာတွေသင်ပေးလို့ ရခဲ့တဲ့ဘာသာရေးဆိုင်ရာအသိအ လိမ္မာအခြေခံလေးကြောင့် ပျော်စရာတွေရော၊ ပျက်စရာတွေပါပေါတဲ့ တက္ကသိုလ်နယ်မြေမှာတည် တည်ငြိမ်ငြိမ်နဲ့ပဲ ပညာဆုံးခန်းတိုင်အောင် သင်ယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘွဲ့သာရလာရောဘာသာရေး နဲ့ပတ်သက်လို့ ဘယ်ကျမ်း၊ ဘယ်စာအုပ်မှဟုတ်တိပတ်တိ မဖတ်ဖူးသေးတာကတော့ အသေအချာပါပဲ။ ဘွားအေကြီးသင်ပေးထားလို့ “အရဟံဂုဏ်တော်” ပုတီးစိပ်တတ်တာလောက်ပဲ ရှိပါတယ်။
ဒီလိုနဲ့ပဲ မောင်ဒီပအထက်တန်းပြဆရာအဖြစ် ကိုယ့်မြို့ကကျောင်းမှာပဲတာဝန်ထမ်းဆောင် ရပါတယ်။ ကျောင်းအုပ်ဆရာကြီးရဲ့အစီအစဉ်အရ ဆရာဆရာမတွေဟာ အလှည့်ကျကျောင်းစုဝေးပွဲမှာ စကားပြောရပါတယ်။ မောင်ဒီပအလှည့်တာဝန်ကျတော့တပည့်လေးတွေ လိမ္မာရေးခြားရှိ အောင်၊ အကျင့်စာရိတ္တကောင်းအောင် စာကြိုးစားအောင်ပြောပြပေးချင်တဲ့ဆန္ဒအလွန်ဖြစ်မိပါတယ်။ ဒါပေမဲ့ ကိုယ့်မှာ “ဝမ်းစာ”(စာပေဗဟုသုတ)က ဟုတ်တိပတ်တိမရှိတာကြောင့်ကလေးတွေကို ထိုက်ထိုက်တန်တန်မပြောပြနိုင်ပါဘူး။ ကျောင်းစုဝေးပွဲမှာ ကျောင်းအုပ်ကြီးကလွဲရင်အကောင်းဆုံး ပြောနိုင်တာကတော့ မြန်မာစာသင်တဲ့ဆရာမကြီး ဒေါ်ကြည်မေပါပဲ။
ဒေါ်ကြည်မေဆိုတာက မောင်ဒီပတို့ အထက်တန်းကျောင်းသားဘဝတုန်းကတည်းကမြန်မာ စာသင်ပေခဲ့တဲ့ ဆရာမကြီးပါ။ မောင်ဒီပကြုံနေရတဲ့အခက်အခဲကို ဆရာမကြီးက ကောင်းကောင်းရိပ်စားမိသွားတယ်။ ဒါ့ကြောင့် မောင်ဒီပအားနေတဲ့အချိန်တွေမှာ ဆရာမကြီးကလာပြီး စာအကြောင်းပေးကြောင်း ဆွေးနွေးပေးပါတယ်။ အဲဒီကာလတုန်းက မောင်ဒီပတို့ စာဖတ်တယ်ဆိုတာကဝတ္တုလောက်ပဲဖတ်သေးတာပါ။ မဂ္ဂဇင်းအနေနဲ့ ရှုမဝတို့ ငွေတာရီတို့မြဝတီတို့ ဖတ်တယ်။ တက္ကသိုလ်ဘုန်းနိုင်၊ သော်တာဆွေ၊ ဝင်းဦးတို့ရဲ့ ဝတ္တုတွေဖတ်တယ်။ အထူးစိတ်ဝင်တစားဖတ်တာကတော့ လျှို့ဝှက်သည်းဖိုနဲ့ ဆရာကြီးရွှေဥဒေါင်းရဲ့ ဦးစံရှားစုံထောက်ဝတ္ထုတွေ များပါတယ်။
ဆရာမကြီးကဖတ်သင့်တဲ့စာအုပ်တွေ လမ်းညွှန်ပေးပါတယ်။ နပိုလီယံဟီးလ်ရဲ့ အောင်မြင် ရေးတတ်ကျမ်းဘာသာပြန်စာအုပ်တွေ၊ဗဟုသုတဖြစ်စေနိုင်တဲ့ ဆောင်းပါးတွေကိုပါ ဖတ်ဖို့ညွှန်းပေးပါ တယ်။ ဒီမတိုင်ခင်တုန်းကမောင်ဒီပတို့ကမဂ္ဂဇင်းဖတ်ရင် ဝတ္ထုနဲ့ကာတွန်းပဲဖတ်တာ။ ဆောင်းပါး တွေဖတ်ရကောင်းမှန်းသိတာ မဟုတ်သေးဘူး။ဆရာမကြီးလမ်းညွှန်တော့မှသာ ဆောင်းပါးတွေဖတ် ရကောင်းမှန်း သိလာတာပါ။
ဘာသာရေးနဲ့ပတ်သက်တဲ့စာအုပ်တွေဆိုတာရှိမှန်းတောင်မသိလောက်အောင်ကို ခေါင်းပါးခဲ့ ပါတယ်။ ဆရာမကြီးက စာအုပ်တွေပေးဖတ်တော့မှသာဒီလိုစာအုပ်တွေရှိမှန်းရော ဖတ်ရကောင်း မှန်းရောပါသိခဲ့ရတာပါ။ ပထမဦးဆုံးဆရာမကြီးပေးဖတ်တဲ့စာအုပ်ကဆရာကြီးဓမ္မာစရိယ ဦးဌေးလှိုင် ရဲ့ “ရတနာသုံးပါးကျေးဇူး”ကိုယ်တွေ့ဝတ္ထုများ စာအုပ်ဖြစ်ပါတယ်။ဒီစာအုပ်ကို ဖတ်ရှုလေ့လာပြီး တဲ့အခါမှာတော့ မောင်ဒီပရဲ့ သာသာတရားအပေါ်မှာထားရှိတဲ့သဘောထားဟာထူးထူးခြားခြားကို တိုးတက်လာပါတယ်။ ဒီစာအုပ်ထဲမှာ “ဘုရားဂုဏ်” “တရားဂုဏ်” “သံဃာ့ဂုဏ်”ကျေးဇူးတွေ အကြောင်းလက်တွေ့ အဖြစ်အပျက်တွေကို သိရှိခံစားကြည်ညိုနိုင်ခဲ့ပါတယ်။ ပြီးတော့ဒီစာအုပ်ထဲမှာပဲ “မေတ္တာစွမ်းအား” “သစ္စာစွမ်းအား”တွေအကြောင်း လက်တွေ့ဖြစ်စဉ်တွေနဲ့ ရေးပြထားတာတွေကြည်ညိုခွင့်ရခဲ့ပါတယ်။ ဘာသာတရားအပေါ် ပိုပြီးတော့လေးလေးနက်နက် သက်ဝင်ယုံကြည် စိတ်တွေလည်းဖြစ်ပေါ်ခဲ့ရပါတယ်။
ဆရာမကြီးကမောင်ဒီပကိုစာအုပ်တွေပေးဖတ်တာလောက်တင် မကသေးပါဘူး။ သူပေးဖတ် ထားတဲ့စာအုပ်ထဲက အကြောင်းအရာတွေအပေါ်မောင်ဒီပရဲ့သဘောထားအမြင်ကိုလည်း မေးလေ့၊ ဆွေးနွေးလေ့ရှိပါတယ်။ မောင်ဒီပက “ရတနာသုံးပါးကျေးဇူး”ကိုယ်တွေ့ဝတ္ထုများထဲကအကြောင်း အရာတွေကို အလွန်စိတ်ဝင်စားကြောင်း။ မေတ္တာနဲ့သစ္စာတရားတွေရဲ့စွမ်းအားတွေအကြောင်းလက် တွေ့သာဓကတွေကို ဖတ်ရှုသိရှိရတာအလွန်ပဲကျေနပ်၊ အံ့ဩဝမ်းသာဖြစ်မိကြောင်းတွေ ပြောပြပါတယ်။
အဲ့ဒီစကားတွေပြောမိတာကြောင့်ထင်တယ်။ နောက်တစ်ခါဆရာမကြီးက ဖတ်ဖို့ပေးလာတဲ့ စာအုပ်ကတော့ ဆရာကြီးဓမ္မာစရိယဦးဌေးလှိုင်ပဲရေးသားတဲ့“မေတ္တာဝါဒ” (ဗြဟ္မဝိဟာရအဖွင့်)ဆိုတဲ့ စာအုပ်ပါပဲ။ အဲဒီစာအုပ်ကတော့ မောင်ဒီပကို ဘာသာရေးဘက်မှာအထူးကိုင်းညွတ်သွားစေတဲ့ စာအုပ်ပါ။
ဆရာမကြီးနဲ့အတူရှစ်နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ အဲဒီကာလအတွင်းမှာ ဆရာမကြီးကလမ်းညွှန်လို့ ဖတ်ခဲ့ရတဲ့စာအုပ်တွေအတော်များပါတယ်။ လောကီရေးရာ စာပေ တွေရော၊ လောကုတ္တရာရေးရာစာအုပ်တွေရော အများကြီးပါ။ဆရာမကြီးရဲ့ ကျေးဇူးကြောင့်ပဲ မောင်ဒီပစာဖတ်ဝါသနာစွဲသွားပါတယ်။ လောကီလောကုတ်နှစ်ဖြာလုံးကစာကောင်းပေကောင်းတွေ ကို ဖတ်ရကောင်းမှန်းသိသွားပါတယ်။ စကားတစ်ခွန်းမှတ်သားထားဖူးတာရှိပါတယ်။ “လူငယ် တစ်ယောက်ကို စာဖတ်ဝါသနာစွဲသွားအောင် ပြုလုပ်ပေးခြင်းသည် ထိုလူငယ်အတွက်မကုန်ခန်း နိုင်တဲ့ အမွေပေးခြင်းပဲဖြစ်တယ်”ဆိုတာပါပဲ။
မောင်ဒီပလည်း ဆရာမကြီးပေးခဲ့တဲ့ မကုန်ခန်းနိုင်တဲ့အမွေကိုကိုယ်တိုင်လည်းခံစား မျိုးဆက် သစ်တွေကိုလည်း နိုင်သမျှလက်ဆင့်ကမ်းပေးနေပါတယ်။ ကိုမြအေး၊မမြအေးတို့ကိုလည်း လေး လေးစားစားနဲ့မေတ္တာရပ်ခံပန်ကြားလိုပါတယ်။ တပည့်လေးတွေကို ကျောင်းစာတွေကိုအားသွန်ခွန် စိုက်သင်တာလည်း သင်ကြပါ။ “စာကိုလည်းသင် လူကိုလည်းပြင်”ဆိုတဲ့စကားအတိုင်းဘဝနောက် နှောင်းဆက်တိုင်း ကောင်းမဲ့အရင်းအနှီးအမွေတွေကိုလည်း လက်ဆင့်ကမ်းပေးကြရင်းနဲ့ကောင်းသည် ထက်ကောင်းတဲ့ဆရာကောင်းများအဖြစ် ခံယူနိုင်ကြပါစေ……လို့။
ကိုမြအေး၊မမြအေးတို့ တွေးချိန်ချင့်နိုင်ကြပါစေကြောင်း……။
မောင်ဒီပ(ပညာရေး)