အမှားကိုလည်း မြင်စေ အမှန်ကိုလည်း ပြင်စေ
လူတိုင်းအမှားနှင့်ကင်းမည်ဟုမထင်ပါ။ အမှားသည်ကျောင်းသားလူငယ်အရွယ် စာသင်ခန်း အတွင်းသာမကလူငယ်၊ လူကြီးဖြစ်သည့်အချိန်ထိအမှားနှင့်ကင်းမည်မထင်ပါ။ တစ်နည်းအားဖြင့် အမှားဟူသည် သင်ခန်းစာတွင်သာမကလက်တွေ့ ပြင်ပဘဝတွင်လည်းတွေ့ကြုံရသည့်အရာမျိုးဖြစ် သည်။ အမှားရှိလျှင်အမှန်ပြင်ပေးမည့်သူရှိရမည်။ သို့တည်းမဟုတ်မိမိကိုယ်တိုင်အမှားကိုနားလည် သဘောပေါက်ကာမိမိဘာသာပြင်ဆင်ကောင်း ပြင်ဆင်ပါလိမ့်မည်။ ယခုစာရေးဆရာသူ၏ ရည်ရွယ်ချက်မှာဆရာတစ်ယောက် အနေနှင့်ကျောင်းသားလူငယ်များ၏ သင်ခန်းစာလုပ်ရာတွင် ပြုလုပ်သည့်အမှားကို မည်သို့မည်ပုံပြုပြင်ပေးနိုင်သည်ကို ကျောင်းဆရာဘဝအတွေ့အကြုံနှင့် ထပ်လောင်းတင်ပြလိုခြင်း ဖြစ်သည်။
အကြမ်းအားဖြင့်အမှားပြင်ဆင်ခြင်းကို တိုက်ရိုက်အမှားပြင်ပေးခြင်းနှင့် သွယ်ဝိုက်၍အမှားပြင် ပေးခြင်းဟုပိုင်းခြားလေ့လာနိုင်ပါသည်။ တိုက်ရိုက်အမှားပြင်ဆင်ခြင်းသည်အများနှင့် လွန်စွာရင်းနှီးကျွမ်းဝင်ပြီးသားအရာဖြစ်သည်။ ကျောင်းသားအား ၎င်း၏အဖြေတွင် အမှားတွေ့ပါကမှားနေသည်ဟု တိုက်ရိုက်ပြောကာအမှန်ကိုပြောပြခြင်းဖြစ်သည်။ ထိုနည်းသည်ကျောင်းသားအား အမှားမှအမှန်ကို ပြောပြခြင်းဖြစ်သည်။ထိုနည်းသည်ကျောင်းသားအား အမှားမှအမှန်ကို သိရှိစေသည်ဟုဆိုသော်ငြား လည်း တိုက်ရိုက်အမှန်ပြင်ဆင်ပေးခြင်းကြောင့်ကျောင်းသား၏မိမိကိုယ်ကိုမှီခိုစိတ်ကို လျော့ကျစေ ကာသူတစ်ပါးအား (အထူးသဖြင့်ဆရာအား) မှီခိုလိုစိတ်တိုးပွားစေပါသည်။ထိုနည်းတူတိုက်ရိုက် အမှားပြင်ပေးလိုက်ခြင်းကြောင့် မိမိ၏အမှားကို ကိုယ်တိုင်ဝေဖန်ပိုင်းခြားလိုစိတ်လျော့ကျလာစေနိုင် ပါသည်။
ဆက်လက်ပြီးသွယ်ဝိုက်အမှားပြင်နည်းကိုမျှဝေပါမည်။ သွယ်ဝိုက်အမှားပြင်နည်းအထွေထွေ ရှိကြပါသည်။ ဦးစွာတင်ပြလိုသည်မှာ ကျောင်းသားလူငယ်များအား၎င်းတို့၏အမှားကို သတိပြုမိစေ ရန်ဆရာကထိုအမှားကိုတစ်ကျော့ပြန်လိုက်၍ ရွတ်ဆိုခြင်း (Repetition) ဖြစ်သည်။ ဥပမာအားဖြင့် ကျောင်းသားက ၁၀+၁.၅ဟူသော ပုစ္ဆာ၏အဖြေကို ၂.၅ ဟုပြောသည်ဆိုပါလျှင် ဆရာအနေနှင့် မှားတယ်အဖြေက ၁၁.၅ဟု တိုက်ရိုက်ပြောမည့်အစား“၂.၅(လား)”ဟု အသံအမြင့်သုံးကာ သတိ ပေးပြောဆိုခြင်းဖြင့် ကျောင်းသားမှ မိမိအမှားကိုသတိပြုမိကာအဖြေကိုပြန်လည်စဉ်းစားစေခြင်းနည်း ဖြစ်သည်။
ဒုတိယနည်းကားကျောင်းထံမှအဖြေမှန်ကို မရမချင်း အစ်ထုတ်ယူခြင်း (Elicitation) ဖြစ် သည်။ သာဓကအားဖြင့် မြန်မာစာသတ်ပုံစစ်ရာတွင် ကျောင်းသားက မျဉ်းသားဟူသော စကားလုံး ကိုပေါင်းရာတွင် မျဉ်းကိုမြင့်ဟုပေါင်းသည်ဆိုပါစို့။ အဖြေမှန်ကို တိုက်ရိုက်ပြောမည်အစား ကျောင်း သားအား “တိရစ္ဆာန်မြင်းကိုဘယ်လိုပေါင်းလဲ”ဟုဦးစွာမေးပြီးမိမိအမှားကိုသိမြင်စေခြင်းဖြစ်သည်။ ဆရာကမိမိအဖြေအားကြည့်ပြီးမေးခွန်းပြန်မေးနေလျှင်မိမိအမှားလုပ်မိပြီဟု ကျောင်းသားတိုင်း သတိ ပြုမိကြပါသည်။ ထိုအခါကျောင်းသားသည် ငယ်စဉ်မူလတန်းကြိုကတည်းကရင်နှီးနေသောမြင်းဟူ သည့် စကားလုံးကိုပြန်မြင်ယောင်ကာမျဉ်းသားမှ မျဉ်းသည် “မ ယပင့်ညလေးသတ်”ဖြစ်ကြောင်းသတိပြုမိကာ မိမိအမှားကို မိမိကိုယ်တိုင်ပြင်ဆင်လာနိုင်ပါသည်။ ထိုနည်းမှာ ကျောင်းသားအားအဖြေ မှန်ကို အစ်ထုတ်ကာ ကိုယ်တိုင်အမှားကိုပြင်ဆင်စေခြင်းဖြစ်သည်။
တတိယနည်းမှာကျောင်းသားအမှားကို အမှန်ပြင်ကာ တစ်ကျော့ပြန်ရွတ်ဆိုပြခြင်း (ဝါ) ပြန် ပြောပြခြင်းဖြစ်သည်။ဥပမာအားဖြင့် I go to school yesterday ဟုပြောသောကျောင်းသားကို You went to schoolyesterday ဟု၎င်း၏ Tense အမှားကို အသံဖိတ်ပြောကာ သတိချပ် မိစေခြင်းဖြစ် သည်။ ဆရာမှမှားသည့်နေရာကိုတိုက်ရိုက်ထောက်မပြဘဲ ပြန်လည်အမှန်ပြင်ကာအသံဖိပြောခြင်းဖြင့် ကျောင်းသားမှမိမိအမှားကိုသိမြင်စေခြင်းသည်လည်းအသုံးဝင်သော အမှားပြင်ပေးသည့်နည်းလမ်း ဖြစ်သည်။
စတုတ္တနည်းဖြစ်သည့်ကျောင်းသားအမှားကို သွယ်ဝိုက်ပြင်ဆင်သည့်နည်းမှာ ကျောင်းသား အား ၎င်းအမှားကို မှားသည်ဟုမပြောဘဲထောက်ပြကာဘာ့ကြောင့်ထိုသို့ဖြေရသနည်းဟု မေးခြင်းဖြစ် သည်။ သာဓကပြရသော်ကျောင်းသားသည် ထောင့်မှန်စတုဂံ၏ အနားလေးဘက်ပတ်လည်အနားကိုအနားနှစ်နားအရှည် ၅လက်မနှင့် ၈လက်မ သာပေးထားပြီးမေးသည်ဆိုပါစို့။ ကျောင်းသား၏အဖြေ သည်၂၆လက်မ ရရမည့်အစား၂၃လက်မ ရသည်ဟု ဆိုပါစို့။ ကျောင်းသားအား မည်သည့်အတွက် ကြောင့် ပတ်လည်အနားသည်၂၃လက်မရသည်ကို ဦးစွာမေးရပါမည်။ ကျောင်းသား၏ဖြေရှင်းချက်မှ သူသည် ထောင့်မှန်စတုဂံတွင်မျက်နှာချင်းဆိုင်အနားနှစ်နားစီသည်အလျားတူညီနေကြောင်းသိ၊မသိ ကိုဆန်းစစ်နိုင်ပါသည်။ လိုအပ်ပါကကျောင်းသားအား ထောင့်မှန်စတုဂံ၏အနားလေးဘက် သီအို၇ီကိုရှင်းပြန်ရန်လိုပါမည်။ ထိုနည်းအားဖြင့် ကျောင်းသားအာ ၎င်း၏(မှားနေသော) အဖြေကို မည်သို့မည်ပုံရကြောင်းရှင်းပြစေခြင်း (Clarification) နည်းလမ်းဖြင့် မိမိအမှားမိမိပြင်နိုင်အောင်အားပေးသင့် သည်။
နောက်ဆုံးနည်းလမ်းမှာကျောင်းသားအား သီအိုရီများတိုက်ရိုက်သုံးကာ အမှားကိုအမှန်ပြင် စေခြင်းဖြစ်သည်။ ဥပမာအားဖြင့်ကျောင်းသားသည် I like shopping because (A) I can relax my mind in that way/ (B)relaxation ဟူသော မေးခွန်းတွင် အဖြေကို B ဟုဖြေပါကဆရာအနေနှင့် because ၏နောက်တွင် စာကြောင်းလိုက်ရမည်ဖြစ်ပြီးbecause of ၏နောက်တွင် noun/noun phrase (သို့မဟုတ်) V+ing လိုက်ရမည်ဖြစ်ကြောင်း သီအိုရီကိုရှင်းပြခြင်း(Raising awareness of concepts) ဖြင့်ကျောင်းသားအား မိမိအမှားကိုမိမိကိုယ်တိုင်ပြင်ဆင်စေခြင်းဖြစ်သည်။
အချုပ်ဆိုရသော်ကျောင်းသားတိုင်း အမှားပြုလုပ်ခွင့်ရှိသည်။ အဖြေမှားသည့် ကျောင်းသားကို အပြစ်မတင်မည့်အစား၎င်းတို့မိမိကိုယ်ကိုယုံကြည်မှုရှိစေရန် မိမိကိုယ်ကို အားကိုးတက်စေရန်နှင့် မိမိ အမှားကိုမိမိဘာသာပြင်ဆင်တတ်စေရန် အားပေးသင့်သည်။ တိုက်ရိုက်အမှားပြင်ဆင်ပေးခြင်းသည် အဆင်သင့်ငါးရှားပြီးကျွေးသည်နှင့်တူပါသည်။ထိုနည်းလမ်းနှင့် ပျိုးထောင်ခံရသောကျောင်းသားသည် ငါးရှာပေးမည့်သူ (ဆရာ) မရှိပါက အစာငတ်မည်ဖြစ်သည်။သို့ဖြစ်ပါ၍ ဆရာများအနေနှင့် ကျောင်း သားများကို ငါးရှာပေးခြင်းထက်ငါးဖမ်းနည်းကို သင်ပေးသင့်ပါကြောင်း။
သီဟရာဇာ(မြန်မာ)