ပျော်ရွှင်ကျေနပ်စွာသင်ယူပါစေ

ဒီလောက်တောင်ကျက်နေတာအခုထက်ထိမရသေးဘူးလား။”စိတ်မောလူမောဖြစ်နေတဲ့အမေက လေးတန်းကျောင်းသူသမီးလေးကိုစာဝိုင်းကျက်ပေးရင်း ပြောလိုက်တဲ့စကားပါ။ မောလည်း မောလောက်ပါတယ်။ သူတို့သားအမိ စာကျက်နေတာကိုတစ်ဖက်အိမ်က ကျွန်တော်ကြား နေရတာတောင် ၂နာရီကျော်လောက်ရှိနေပြီကိုး။ ကျွန်တော်အလုပ်ကနေအိမ်ပြန်ရောက်တာက ည ၈း၃၀ နာရီလောက်ရှိပြီ။ အဲဒီမတိုင်ခင်ကတည်းက သူ့အမေနဲ့ သူစာကျက်နေတာပါ။လေးတန်းတွေ ရှစ်တန်းတွေအစိုးရစစ်ဖြစ်မယ်ဆိုတော့ အမေကလည်းစိတ်ပူတာကိုး။ သူကလည်းရုံးဝန်ထမ်းဆိုတော့အိမ်ပြန်ရောက်တာနဲ့ ထမင်းဟင်းချက်၊ စားသောက်ပြီးတာနဲ့ ကလေးကိုစာသင်တော့တာ။ သူလည်း တော်တော်မောပြီပေါ့။ကလးကလည်း ကျောင်းမှာတစ်ခါ၊ ကျူရှင်မှာတစ်ခါ၊ တစ်နေ့လုံးစာသင်ပြီးပြီ။ သူလည်းအိမ်ကိုမနက် ၉း၀၀ နာရီကတည်းက သွားလိုက်တာညနေ ၅း၀၀ နာရီလောက်မှ ပြန် ရောက်တာ။

          ကျွန်တော်နာရီကြည့်လိုက်တော့ ည ၁၁း၀၀ နာရီကျော်နေပြီ။သူတို့သားအမိ အသံက ထွက်နေတုန်းပဲ။ အမေကလည်းတိုင်ပေးတုန်း၊ ကလေးကလည်းလိုက်ဆိုတုန်း၊ည ၁၂း၀၀နာရီ လောက်မှာပဲ ပြီးသွားတာ။ မနက်ကျတော့ ကျောင်းမသွားခင် တစ်ခါပြန်ကျက်ကြသေးတယ်။

          ဒါနဲ့ကျွန်တော်လည်း တော်တော်လန့်သွားတာ။လေးတန်းကလေးတစ်ယောက် ဒီလောက် စာကျက် နေဖို့လိုလို့လား။ အဲဒီအချိန်တုန်းက စာမေးပွဲဖြေမဲ့ညမို့လည်းမဟုတ်ပြန်ဘူး။နေ့တိုင်း နီးပါးကို ကြားခဲ့တာ။ဒါနဲ့ကိုယ်ငယ်ငယ်တုန်းကရောဘယ်လိုသင်ခဲ့ရပါလိမ့် ပြန်တွေးကြည့်တယ်။ကျွန်တော်တို့ငယ်ငယ်တုန်းကကလေးဘဝကို ပြန်တွေးကြည့်ရင်တကယ်ကိုပျော်ဖို့ကောင်းတယ်။ကျောင်းမှာလည်းအရမ်းကိုပျော်တာ။ စာသင်ရင်းနဲ့ မြန်မာစာတို့၊ လူမှုရေးတို့လို ဘာသာရပ်တွေဆိုပုံပြင်လေးတွေနားထောင်ရတယ်။ စိတ်ဝင်စားဖို့ သိပ်ကောင်းတယ်။ စာလည်းအဲဒီလောက် ကျက်စရာကိုမလိုခဲ့တာတော့ အမှန်ပဲ။ တချို့သင်ခန်းစာတွေဟာ အလွန်ကျက်နေစရာ မလိုဘဲကျောင်းမှာပရခဲ့ကြတာ။ ဒီကလေးကျမှ ဘယ်လိုဖြစ်ရပါလိမ့်လို့ တွေးပြီး သနားနေမိပါတယ်။ ခက်တာကဒီကလေးမှုမဟုတ်ဘူး၊ကလေးတွေ တော်တော်များများ အဲဒီလောက်မဆိုးတာတောင် တော်တော်ကို ပင်ပန်းကြတယ်။

          ကိုလမ်ဘီယာတက္ကသိုလ် ဆရာအတက်သင်ကောလိပ်က ပညာရေးဘာသာရပ်ဆိုင်ရာပါမောက္ခ Arthur T.Jersild က သူရဲ့ သုတေသနတစ်ခုမှာပြောထားတာတစ်ခုကိုဖတ်ဖူးပါတယ်။ ကလေးတွေကိုသင်ခိုင်းသမျှစာတွေ၊ သင်ခန်းစာတွေ၊ လုပ်ခိုင်းသမျှအိမ်စာAssignment တွေဟာ ကလေးတွေကျေနပ်ပျော်ရွှင်စွာ သင်နိုင်တဲ့အတိုင်းအတာဖြစ်ဖို့ လိုတယ်ဆိုတဲ့ချက်ဟာ ပညာရေးမှာ အရေးကြီးဆုံးအ ခြေခံသဘောတရားတွေထဲက တစ်ခုပါတဲ့။ ဒါကိုလျစ်လျုရှု့ထားမိရင်ကျောင်းသင် ခန်းစာတွေဟာကလေးတွေအတွက်စိတ်ဖီးစီးဝန်ပိစရာသာ ဖြစ်လာပြီးတော့အချိန်နဲ့ခွန်အား တွေကိုသာ အလဟဿကုန်စေတဲ့အရာတွေ  ဖြစ်နေစေတတ်တယ်လို့ဆိုပါတယ်။

          ခုနကပြောခဲ့တဲ့ ကလေးရဲ့ မိသားစုနဲ့လည်းတော်တော်ရင်းနှီးတော့ကလေးသိပ်ပင်ပန်းနေရင် စာဆက်မကျက်ခိုင်းဖို့ ပြောခဲ့ပါတယ်။ ကလေးကိုစိတ်ပင်ပန်းစေမှုသိပ်များနေပြီဆိုရင်ဒါတစ်ခုခုတော့ လွဲနေတာသေချာပါတယ်။ ဒါကြောင့် တချို့ စာတွေကိုကျက်ခိုင်းတာထက် သူ့ကိုနားလည်အောင်ပြောပြဖို့၊ စာလိုကျက်ခိုင်းပြီး ပြန်ပြောပြတာကိုနားထောင်ပေးဖို့ ပြောခဲ့ပါတယ်။

          သေသေချာချာ လေ့လာကြည့်ရင် စတုတ္ထတန်းမှာ သင်တဲ့စာတွေဟာကလေးတွေအတွက် စိတ်ဝင်စားစရာတွေ အများကြီးပါပါတယ်။ သေသေချာချာ နည်းစနစ်တကျသာ ကလေးကိုလေ့လာခိုင်းရင် ပျော်ပျော်ရွှင်ရွှင်နဲ့ ကလေးရသွားမယ့်စာတွေပါ။ အခုတော့ ဒီကလေး အဲဒီလောက်ကျက်နေသံတော့ မကြားတော့ပါဘူး။

ပျော်ရွှင်ကျေနပ်စွာသင်ယူခြင်း

          သေချာပြန်တွေးကြည့်ရင် ငယ်ငယ်တုန်းက ကျွန်တော်တို့လည်းစာကျက်ခဲ့ကြတာပဲ။ဒါပေမဲ့ ကျောင်းမှာဆရာကပြောပြလိုက်တဲ့ ဇာတ်လမ်းတွေ အကြောင်းအရာတွေ၊ သင်ခန်းစာတွေကိုပြန်အော်ဆိုတာပေါ့။ အဲဒါလည်းပျော်တာပဲ။ မနက်ကျောင်းပြန်ရောက်လို့ ဆရာကမေးလိုက်ရင် ပြန်ဖြေနိုင်တယ်။မှတ်မိတယ်။ တမင်မှတ်မိအောင် ကုန်းရုန်းအော်နေရတာတော့ မဟုတ်ခဲ့ပါဘူး။

          ဘာလို့အဲလိုလွယ်ခဲ့တာလည်း သေချာတွေးကြည့်ရင်စာသင်ရတာပျော်လို့ပါပဲ။ သုံးတန်းက ဆရာမကြီးကို အခုထက်ထိ မှတ်မိပါတယ်။ သူသင်တဲ့စာတွေဟာစာတွေမဟုတ်ဘဲ နားထောင် လို့သိပ်ကောင်းတဲ့ ဇာတ်လမ်းတွေ ဗဟုသုတတွေဖြစ်နေခဲ့လို့ပါ။ စာကျက်ရသက်သာခဲ့တာပေါ့။

          စာသင်မှုကြားမှူ့မှာကလေးရဲ့ စိတ်ပါဝင်စားမှု၊ပျော်ရွှင်ကျေနပ်မှုကို မျက်ကွယ်ပြုထားလို့ မရပါဘူး။ Jersild က သင်ယူခြင်းနဲ့ ပတ်သတ်လို့ပျော်ရွှင်ကျေနပ်မှုနှစ်မျိုးကိုလည်း ပြောပါသေးတယ်။ တစ်ခုက သင်ယူရင်းနဲ့ ကျော်လွှားရတဲ့အခက်အခဲတွေကိုပြေပြေလည်လည် သင်ယူသူကိုယ်တိုင် ရင်ဆိုင်ကျော်လွှားနိုင်တဲ့အခါ ကျေနပ်တယ်။ ပျော်ရွှင်တယ်။ဥပမာ- ပုစ္ဆာတစ်ပုဒ်ကိုမတွက် တတ်သေးဘူး။ အဖြေရလာအောင်ကလေးကိုဆွဲဆောင်တယ်။ ပြောပြတယ်။ကလေးကိုအဖြေတော့ တန်းမပေးဘူး။ တွက်ဖို့လိုတဲ့အသိတွေ သင်ယူစေတယ်။ ပြီးမှအဖြေရှာကြည့်စေတယ်။ကလေးက တွက်တတ်၊ အဖြေရှာတတ်သွားတယ်။ ဒီလိုများများကြုံလေ ကလေးကစာသင်ရတာကို ပျော်လာ လေပဲပေါ့။နောက်တစ်ခုက သင်ယူရတဲ့အရာကိုက စိတ်ဝင်စားစရာ၊ ပျော်ရွှင်စရာလို့ စိတ်မှာ ဖြစ်နေတယ်။သိပ္ပံဘာသာရပ်က အကြောင်းအရာတွေကို ဖတ်ရတာပျော်တယ်။ လက်တွေ့လုပ်ရတာ ပျော်တယ်။ ဒီလိုနဲ့သိပ္ပံပညာရှင်တွေ ပေါ်လာတာပဲလေ။ သူတို့အတွက် စိတ်ဝင်စားစရာကောင်းနေတဲ့ ပညာရပ်ကို မြတ်နိုးရာကပညာရှင်တွေဖြစ်လာကြတာပါ။

          ကလေးတွေသိပ်ပင်ပန်းနေပြီ၊ စာမှာစိတ်မဝင်စားနိုင်တော့မပျော်တော့ဘူးဆိုရင်၊ တစ်ခုခုတော့ လိုနေတာသေချာပါပြီ။ ဒါကြောင့်လည်းကျောင်းနေပျော်၍စာတော်ရမည်လို့ ဆိုတြပါခင်ဗျား။