အပြုအမူကောင်းများ ရှိစေခြင်း
စာသင်ကျောင်းမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲ ဖြစ်ဖြစ် ထိန်းရခက်တဲ့ ကလေးတွေရှိပါတယ်။ ဒီကလေးတွေကို ဘာလို့ ထိန်းရခက်တယ်ပြောရသလဲ ဆိုရင် သူတို့မှာ ပြဿနာ အပြုအမူလေးတွေရှိနေလို့ပါ။ အဲဒီအပြုအမူ လေးတွေကိုပြုပြင်ပေးမယ်။ ကောင်းတဲ့ အပြုအမူတွေ ရှိစေမယ်။ ဒီလိုပြုစုပျိုးထောင်ပေးတာကို အပြုအမူကောင်းရှိအောင် ကူညီပေးခြင်း (Positive Behaviour Support) လို့ခေါ်ပါတယ်။ ကလေးတွေ၊ဆယ်ကျော် သက်လေးတွေအတွက် အရေးကြီးတဲ့ လိုအပ်ချက် တစ်ခုဖြစ်တဲ့ ဒီလိုကူညီပေးခြင်းမှာထိရောက်မှုရှိစေဖို့ စနစ် တကျ ဘယ်လိုဆောင်ရွက်ရမလဲ ဆိုတာနဲ့ ပတ်သတ်ပြီး သုတေသနတွေ များစွာရှိပါတယ်။စိတ်ဝင်စားစရာ လည်း ကောင်းပါတယ်။
ပြဿနာကို အကဲခတ်ခြင်း
ကလေးတစ်ယောက်မှာ ပြုပြင် ဆုံးမပေးစရာ အပြုအမူတစ်ခုရှိနေပြီပြုပြင်ပေးရတော့မယ်ဆိုရင် သတိပြုရမဲ့ အချက်က ဒီအပြုအမူဟာ သူ့လိုအပ်ချက် တစ်ရပ်ရပ်အတွက်အဆင်ပြေစေတဲ့ သဘောရှိနေတက် တာပါပဲ။ ဘယ်လိုအချိန် အခြေအနေမျိုးမှာ ဒီလိုလုပ်သလဲ၊ ဘာကြောင့်သူဒီလိုလုပ်သလဲ၊ ဒီလိုလုပ်တဲ့အတွက် သူဘာကျေနပ်မှုတွေ ရလာသလဲဆိုတာကို လေ့လာအကဲခတ်ကြည့်ဖို့လိုပါတယ်။ ပြဿနာအပြုအမူရဲ့ သူ့အတွက် အလုပ်ဖြစ်အသုံးဝင်နေပုံကို အကဲခတ်ကြည့်ခြင်း(Functional Behaviour Assessment) လေးလုပ်ရင် သူ့ကို ပြုပြင်ပေးတဲ့အခါ လွယ်ကူစေပါတယ်လို့Swartz ဆိုသူ စိတ်ပညာရှင်တစ်ဦးက ဆိုပါ တယ်။ ပြဿနာ အပြုအမူတစ်ရပ်နဲ့ ပတ်သတ်လို့ အောက်ပါအချက်အလက်များကိုအကဲခတ်ဖော်ထုတ်ကြည့် ဖို့ လိုအပ်ပါတယ်။
- ဘယ်ချိန် ဘယ်နေရာမှာ ဒီလိုပြုမူလေ့ရှိသလဲ။
- ဒီလို လုပ်ခြင်းကနေ သူရချင်တဲ့အကျိုးတွေက ဘာတွေလဲ။
- သူလိုချင်တာလည်းရ၊ ပြဿနာအပြုအမူလည်းမဖြစ်မဲ့ အခြားနည်းလမ်းတွေက ဘာလဲ။
- သူရဲ့ ဘယ်အကဲခတ်က ဒီလိုအပြုအမူကိုဖြစ်စေသလဲစသည်ဖြင့်ပေါ.။
ဒီလိုလေ့လာပြီးမှပြုပြင်စေခြင်းဟာ သူ့ကို ဒီလိုမလုပ်နဲ့ လုပ်ရင် အပြစ်ပေးမယ်လို့ ဖိအားနဲ့ ထိန်းခြင်းသက်သက်ထက် အများကြီး အကျိုးရှိစေပါတယ်။ ဥပမာ- ကလေးတစ်ယောက်ဟာ စာသင်ခန်းထဲမှာ စိတ်မဝင်စားပဲအိပ်ငိုက်နေတက်ပါတယ်။ သူ့ကို စာသင်ရင် အာရုံစိုက်ရမယ်လို့ပြောမယ်။ အိပ်ငိုက်ရင် အပြစ်ပေးမယ်။ဒီလိုနည်းနဲ့ ဖြေရှင်းလိုက်တယ်။ ဒါလည်းရတာပဲ။ ပြဿနာလေးက သိပ်အဆိုးကြီး မဟုတ် ဘူးလေ။ဒါပေမဲ့ ခဏခဏဖြစ်နေရင်တော့ ဒီကလေးရဲ့ အိပ်ချိန်၊ စာကြည့်ချိန်တွေမှာ တစ်ခုခု စနစ်တကျမရှိတာကြောင့် သု့အနေနဲ့ အတန်းထဲ ဒီလိုဖြစ်ရတာလည်း ဖြစ်နိုင်သွားပါပြီ။ လိုအပ်နေတဲ့အိပ်ချိန်ကို စာသင်ခန်းထဲမှာ လာယူမိနေမဲ့အစား ဘယ်လိုလုပ်ရင် အိပ်ရေးလည်းဝ၊ စာလည်းကောင်းကောင်းသင်နိုင် မလဲ အဖြေရှာကြည့်ဖို့လိုတာပေါ့။ သူ့ကို စာသင်ခန်းထဲ အိပ်ငိုက်တိုင်း အပြစ်ပေးတဲ့နည်းလမ်းက အမြဲအ လုပ်မဖြစ်နိုင်ဘူးလေ။
ပြုပြင်နိုင်စေဖို့
မသင့်တော်တဲ့ အပြုအမူတစ်ခုကို ပြုပြင်ပေးတယ်ဆိုတာဒီအပြုအမူကို ပြုမူစေတဲ့ အခြေအနေမှာ အခြားအပြုအမူကောင်းတစ်ခုကို အစားထိုးတာပါပဲ။ ဒါကြောင့်နောက်ထပ်သတိပြုရမဲ့အချက်က သူတို့ကို လုပ်ခိုင်းတာလေးဟာ
၁။သူတို့တကယ် လုပ်နိုင်တာလည်းဖြစ်ရမယ် (Feasiblity)
၂။သူတို့ လိုလိုလားလားလည်း လုပ်ရမယ် (Desirablity)
၃။ထိရောက်မှု (Effectiveness) လည်း ရှိဖို့လိုတယ်။
သူတို့ကို ပြုမူစေချင်တဲ့ အတိုင်း ပြုမူတက်လာစေဖို့လုပ်ဆောင်စရာ (Behavioural Strategies) တွေထဲမှာ အောက်ပါအချက်လေးတွေက အသုံးတည့်နိုင်တယ်။
- သူ့ကို ပြုပြင်စေမဲ့ ပတ်ဝန်းကျင်အနေအထားလေး ဖန်တီးပေးခြင်း
- ပြုပြင်မှန်းမသိ ပြုပြင်ပြီးသားဖြစ်သွားစေတက်ခြင်း
- ကလေးကို အာရုံပြောင်းပေးပေးခြင်း
- ပြုမူစေလိုသော အပြုအမူကောင်းများရှိလာစေဖို့ချီးမွမ်းအားပေးခြင်း
- ကျွမ်းကျင်မှုအသစ်များနှင့်မည်သို့ပြုမူရမည်ကို သင်ပေးခြင်း
- ကလေးအပေါ်ထားသည့် မျှော်လင့်ချက်တောင်းဆိုချက်များကိုပြောင်းလဲပေးခြင်း
အကျိုးဆက်များကိုသိမြင်ရွေးချယ်စေခြင်း
အပြုအမူတစ်ခုနဲ့ ပတ်သတ်ပြီး နောက်ဆက်တွဲ အကျိုးအပြစ်တွေကိုမြင်လာစေခြင်း၊ ဘာဖြစ်လာနိုင် သလဲ သိသွားစေခြင်းကလည်း အပြုသဘောဆောင်တဲ့ တုံ့ပြန်ပေးမှုတစ်ရပ်ပဲဖြစ်ပါတယ်။ ဥပမာ ဖန်ခွက်တစ်လုံးကို ပေါက်ခွဲလိုက်တဲ့ကလေးဆိုရင် ဖန်ကွဲစတွေကို ရှင်းစေဖို့နဲ့ဖန်ခွက်တစ်လုံး ပြန်ရှာစေဖို့ လိုပါတယ်။ နောက်တစ်ခုက ရွေးချယ်မှုတစ်ခုကိုလည်း ပြုစေသင့်ပါတယ်။ကလေးတွေ အခန်းထဲမှာ ရုပ်မြင်သံကြား တူတူကြည့်နေတယ်။ ကလေးတစ်ယောက်ကအငြိမ်မနေဘူး၊ ကျန်တဲ့ကလေးတွေကိုအနှောက်အယှက်ဖြစ်အောင်လိုက်စတယ်။ ငြိမ်ငြိမ်မထိုင်ရင် နင်အခန်းပြင်ထွက်သွားတော့လို့ပြောလေ့ရှိ တယ်။ ဒါပေမဲ့ တကယ်ဖြစ်သင့်တာက သူ့ကို ရွေးချယ်မှုလေးတစ်ခုရှိတယ်ဆိုတာကိုပြသင့်ပါတယ်။ ဥပမာ- အခန်းထဲမှာ ငြိမ်ငြိမ်လေးထိုင်ကြည့်လို့လည်းရတယ်။ ဒါမှမဟုတ် အခန်းထဲကထွက်သွားလို့လည်း ရတယ် ဆိုတာမျိုးပေါ့။
ဂရုစိုက်မှု
အဆင်ပြေပြေ သင်ယူနိုင်မဲ့ အကောင်းဆုံးသော ပတ်ဝန်းကျင်လေးတစ်ခုကိုဖန်တီးဖို့အတွက် အပြုအမူကောင်းလေးတွေရှိလာအောင် သင်ပေးရမယ်။ ပြုပြင်ပေးစရာရှိရင်လည်းပြုပြင်ပေးရမယ်။ တချို့ကိစ္စတွေမှာ ကလေးအားလုံးကို တူညီတဲ့အာရုံစိုက်မှုပေးပြီး ပြုပြင်ပေးလိုက်တာနဲ့အဆင်ပြေပါ နိုင်ပါ တယ်။တစ်ခါတစ်လေတော့ ကလေးအုပ်စု တစ်စုကို သီးသန့်ဂရုစိုက်မှုပေးပြီးပြုပြင်ပေးရတက်ပါတယ်။ တစ်ခါတစ်ခါတော့ ဒီထက်ပိုပြီး ကလေးတစ်ဦးတည်းကို လိုအပ်ချက်ကိုလိုက်ပြီးတော့ အာရုံစိုက်ရတာ လည်း ရှိကောင်းရှိနိုင်ပါလိမ့်မည်။ အများနဲ့ ဆုံးမလိုက်ရုံနဲ့ရတဲ့ကလေးက ၈၀ကနေ ၈၅ရာခိုင်နှုန်း လောက် အထိရှိမယ်။ ကလေး ၁၀ရာခိုင်နှုန်းကနေ ၁၅ရာခိုင်နှုန်းလောက်ကတော့သူတို့ရွယ်တူ အုပ်စုလေးတွေကို သီးသန့်ပို ဂရုစိုက်ပေးမှ ပြုပြင်ကြလိမ့်မယ်။ ၁ရာခိုင်နှုန်းကနေ၇ရာခိုင်နှုန်းအထိကတော့ တစ်ဦးချင်း ဂရုစိုက်မှုရှိမှ ပြုပြင်တာ အောင်မြင်လေ့ရှိပါတယ်။ဒီလို သီးသန့် ဂရုစိုက်ပေးရတဲ့ ကလေးတွေဆိုတာဟာ လည်း ဆိုးလို့ရယ်တော့ မဟုတ်ပါဘူး။ သုတို့အားနည်းချက် အခက်အခဲ၊ ဒီလိုဖြစ်စေတဲ့ အကြောင်းရင်း တွေကြောင့် ဖြစ်နေတက်ပါတယ်။ သူတို့ကိုလည်းအများနည်းတူ ဆုံးမမရလို့ဆိုပြီး ပစ်ပယ်မထား သင့် ပါဘူး။ တကယ်တော့ လောကကြီးထဲက လူသားတိုင်းဆီမှာပြုပြင်ရခက်တဲ့ အကျင့်ဆိုးလေးတွေ အနည်း ဆုံး တစ်ခုတော့ ရှိစမြဲ မဟုတ်ပါလား ခင်ဗျာ။
ရန်နိုင်စိုးညွန့် (မဟာဝိဇ္ဇာ)