“ကလေး အဆင်ပြေပါစေ”
ကျောင်းရွေးတာ
ဘယ်ကိစ္စမှာမဆို မိဘတွေဟာ သားသမီးကိုကောင်းပေ့လို့ဆိုတဲ့ အရာတွေပဲရစေချင်လေ့ ရှိကြပါတယ်။ ပညာရေးအတွက်ဆိုရင်ပိုလို့တောင်မှကြောင့်ကြအားစိုက်ကြပါတယ်။ ဒီအချိန်လောက် ဆို မိဘတွေအချင်းချင်းကြား ဘယ်ကျောင်းကကောင်းတယ်ဘယ်ကျူရှင်ကကောင်းတယ် စသည်ဖြင့် အချင်းချင်းသတင်းပေးကြတိုင်ပင်ကြနဲ့ ကိုယ့်သားသမီးပညာရေးအတွက်စဉ်းစားနေကြတဲ့အချိန်ဖြစ် ပါတယ်။ ကိုယ်ပိုင်ကျောင်းတွေကလည်းများလာတော့ မိဘတွေလည်းပိုတွေးစရာ၊ရွေးစရာတွေပါရှိလာတာလည်းပါ ပါတယ်။
ဒီလိုမျိုးသားသမီးတွေအတွက် ရွေးချယ်မှုလေးတွေပြုကြရာမှာ တစ်ခါတစ်လေမိဘတွေအနေ နဲ့ သတိမပြုမိတဲ့ အချက်လေးတစ်ခုရှိတတ်ပါတယ်။ အဲဒါကတော့မိဘက ဖြစ်ချင်ဇောသာများပြီးကလေးနဲ့ကိုက်ညီမဲ့နေရာမျိုးကို မရွေးပေးလိုက်နိုင်တာပါ။
တစ်ခါတုန်းကကျွန်တော့်ကို ဆယ်တန်းကျောင်းသားလေးတစ်ယောက်ရဲ့ မိဘတွေကလာတိုင်ပင်ပါတယ်။သူတို့သားကကျောင်းမှာရော ကျူရှင်မှာပါစာမလိုက်နိုင်ဘူးတဲ့။သူ့ကိုကျောင်းကောင်းကောင်း၊ကျူရှင်ကောင်းကောင်း မှာထားပေးပါရက်ကယ်နဲ့ သူကတော်တော်ကိုညံ့တာတဲ့။ အဲဒီ့က လေးကိုသေချာလေ့လာကြည့်တော့ ကလေးကဆိုးတဲ့ကလေးလည်းမဟုတ်၊ ဥာဏ်ရည်သိပ်ထုံထိုင်း တဲ့ ကလေးလည်းမဟုတ်ဘူး။
သူ့မှာအဓိကပြဿနာလေးတစ်ခုက ကျောင်းမှာရော၊မိဘတွေထားတဲ့ကျူရှင်မှာပါ စာမလိုက် နိုင်တာ။ ဘာလို့ဖြစ်နေတာလည်းဆိုတော့ သူနဲ့စာသင်ရတဲ့အတန်းဖော်တွေ အကုန်လုံးကစာအရမ်း တော်ကြတယ်။ မိဘကလည်းအဲဒီလိုကောင်းတဲ့ နေရာရောက်အောင်ကိုမနည်းကြိုးစားပေးထားတာ။ ဒါပေမဲ့သိပ်တော်တဲ့ သူတွေ၊ နဂိုထဲကအခြေခံအများကြီးပါတဲ့ ကလေးတွေကိုသင်တဲ့သင်ခန်းစာ တွေက အရမ်းတော်ပြီးသားအများစုအတွက် အဆင်ပြေစေပေမဲ့သူ့အတွက်ကတော့ အခက်အခဲရှိစေပါတယ်။ သူများတွေအားလုံး နားလည်သွားတဲ့အချိန်မှာ သူကနားမလည်သေးဘူး။ ပုစ္ဆာတွေဆိုလည်း သူများတွေအားလုံး တွက်ပြီးတဲ့အချိန်မှာသူကကြိုးစားတုန်း။ ဒီလိုနဲ့ကြာလာတော့သူ့အတွက် အခက်အခဲတွေ အများကြီးဖြစ်လာတယ်။ မိဘကလည်းအကောင်းဆုံးကျောင်းတွေကျူရှင်တွေပို့ ထားပါရက်နဲ့ ညံ့ရမလားဆိုပြီးသူ့ကိုဆူတော့တယ်။
တကယ်တော့ ကိုယ့်သားသမီးမှာ နဂိုအခံရှိပြီးသားနဲ့ ကိုက်ညီမယ့်နေရာမျိုးကိုရွေးချယ်ပေး မှသာ သူ့အတွက်အကောင်းဆုံးဖြစ်ပါတယ်။
ကလေးပြောတာလည်းနားထောင်ပါ
ကလေးတွေဟာ ကျောင်းပတ်ဝန်းကျင်တစ်ခုခုမှာ အခြေတကျဖြစ်နေပြီဆိုရင်သူ့အတွက် ဒီကျောင်းပတ်ဝန်းကျင်မှာပဲ ဆက်ပြီးသင်ယူသွားတာပိုကောင်းပါတယ်။ ဒါပေမဲ့တစ်ခါတစ်လေကျတော့မိဘတွေဟာ ကျောင်းတစ်ကျောင်းကနေတစ်ကျောင်း၊ ကျူရှင်တစ်ခုကနေတစ်ခု ကောင်းနိုး ရာရာစမ်းပြီးပြောင်းထားချင်ကြတယ်။ တချို့ကလေးတွေဟာ ကျောင်းအသစ်၊ ပတ်ဝန်းကျင်အသစ် မှာ အသားမကျနိုင်တာရှိတတ်တယ်။ မိဘကတော့စေတနာနဲ့ ကောင်းမယ်ထင်သမျှကျောင်းတွေ၊ ကျူရှင်တွေခဏခဏ ပြောင်းထားနေပေမဲ့မြေစမ်းခရမ်းပျိုးတာခံရတဲ့ ကလေးအတွက်ကတော့ အတော်ကိုအခက်တွေ့စေတဲ့အပြင် သူ့ပညာရေးကိုပါ ထိခိုက်စေတတ်ပါတယ်။
ကလေးဟာသူသင်ယူနေရတဲ့ ကျောင်းပတ်ဝန်းကျင်မှာ ပျော်မွေ့တယ်၊သူ့ဆရာ၊ဆရာမတွေ နဲ့အဆင်ပြေတယ်။ သူငယ်ချင်းတွေကိုခင်တယ်။ ပြီးတော့ပုံမှန်လည်းစာလုပ်တယ်ဒီလိုဆိုရင်ဒီ ကျောင်းပတ်ဝန်းကျင်ဟာ သူ့အတွက်အတော်လေးပြည့်စုံတဲ့နေရာပဲ ဖြစ်တယ်။ နာမည်ကြီးမှ၊ပိုက်ဆံတွေအများကြီးပေးရမှ ကောင်းတဲ့ကျောင်းဖြစ်တာမဟုတ်ပါဘူး။
တစ်ခါတစ်လေမှာကလေးက လူကြီးတွေဇွတ်စီမံတဲ့အစီအစဉ်ကိုအကြောက်အကန် ငြင်း တယ်ဆိုရင်လူကြီးနဲ့ ပြဿနာတက်ရတတ်တယ်။ သူကလည်းသူအဆင်ပြေနေပြီဖြစ်တဲ့ နေရာမှာ နေချင်တယ်မိဘကလည်းသူတို့ကောင်းမယ်ထင်တာလုပ်ချင်တယ်။ ကလေးတက်ရောက်ရမဲ့ ကျောင်းပတ်ဝန်းကျင်တစ်ခုနဲ့ပတ်သတ်လို့ ကလေးအဆင်ပြေတယ်မပြေဘူးဆိုတာကို နားထောင် ပေးဖို့လည်းလိုပါတယ်။
စာသင်ကြားချိန်
ဒီဘက်ခေတ်ကလေးတွေဟာ တော်တော်ကိုပင်ပန်းကြပါတယ်။များသောအားဖြင့် စာသင် ကျောင်းမှာတစ်ခါသင်ပြီး ကိုယ့်ဘာသာပြန်လေ့ကျင့်ပြီးရင် ပြီးရမယ့်စာတွေကိုကျောင်းမှာမသင်ခင် လည်းတစ်ခေါက်၊ သင်ပြီးလည်းနောက်တစ်ခေါက် သင်ရတယ်။ တချို့ဆိုရင် မှတ်မိအောင်လုပ်ဖို့ကို နောက်ထပ် စာကူကျက်ပေးတဲ့သူတစ်မျိုးအချိန်နဲ့ငွေတွေရင်းနှီးပြန်တယ်။ ဒါဟာကောင်းတဲ့အရာ တော့မဟုတ်ဘူးပေါ့။ ကျောင်းကနေအိမ်၊အိမ်ကနေကျူရှင်၊ ကျူရှင်ကနေအိမ်ပြန်ရောက်တော့ သီးသန့်ဂိုက်စသည်ဖြင့် တော်တော်ပင်ပန်းအောင် အချိန်များစွာပေးရပြန်တယ်။ မိဘတွေစိတ်ပျက် စရာကြုံရတာတွေ ကျွန်တော်တို့မျက်စိရှေ့မှာမကြာခဏတွေ့ရပါတယ်။ ကလေးအဆင်ပြေမပြေ ကိုမစူးစမ်းဘဲ ကောင်းမယ်ထင်ရာ ဇွတ်လုပ်တဲ့ မိဘတွေကြုံတဲ့အမှားပေါ့၊လောကမှာသူများ ဘယ်လောက်ကောင်းတယ်ပြောပြော ကိုယ့်ကလေးအဆင်ပြေမှပဲ ကောင်းမှာပါ။
ကလေးဟာ စာသင်ကျောင်းကနေ ပညာလည်းရရမယ်။ သူငယ်ချင်းတွေလည်းရရမယ်။ပျော်ရွှင်မှုလည်းရသင့်တာပဲ။ ဒီလိုကျောင်းဖြစ်နေပါရက်နဲ့ မိဘတွေကောင်းနိုးရာရာ ပြောင်းပါများနေလေလေ ကလေးအတွက်အဆင်မပြေလေ ဖြစ်နေရတာတွေ့ရတာများတော့ ကိုယ်နဲ့သိကျွမ်းတဲ့ ကလေးမိဘတွေတွေ့ရတိုင်းမှာအမြဲပြောလေ့ရှိတဲ့ စကားလေးရှိတယ်။ သူတို့ကလည်းဘယ် ကျောင်း(ကိုယ်ပိုင်ကျောင်း) ဘယ်ကျူရှင်တွေကအကောင်းဆုံးလဲလို့ လာမေးကြတာကို သူတို့ တွေကိုအမြဲပြန်ပြောမိတဲ့စကားက ကလေးအတွက်အဆင်ပြေတဲ့နေရာဖြစ်ရင်အကောင်းဆုံးပါဗျာ……