ကျောင်းတံခါးများဖွင့်ထားပါ
“ပန်းကလေးများပွင့်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာရွှေရည်လောင်း
ငါတို့စာသင်ကျောင်း” ဆိုတဲ့ ကဗျာဆိုသံကိုပြန်လည်ကြားရပြီ။
“မိုးစင်စင်လင်းပြီ။
ပြတင်းများဖွင့်ထားပါ။
သတင်းစာနေ့စဉ်ကြည့်ရှုပါ။
သတင်းထူးပါလျှင်ပြောပါလား။ ဆိုတဲ့ ဖတ်စာရွတ်ဆိုသံတွေကိုလည်းကြည်နူးဝမ်းမြောက် ဖွယ် ကြားနေရပြီ။ နွေရာသီမှာ ထီးထီးကြီးဖြစ်နေတဲ့ ကျောင်းအဆောက်အအုံတွေဟာဆရာ၊ ဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေ၊ မိဘတွေနဲ့ ပြန်လည်အသက်ဝင် လှုပ်ရှားနိုးကြားလှပနေတဲ့ မြင်ကွင်းတစ်ရပ်ပါပဲ။
ကျောင်းရယ်၊ ခေါင်းလောင်းသံရယ်၊ ဆရာဆရာမတွေစာသင်နေတဲ့အသံရယ်၊ ကျောင်းသူ ကျောင်းသားတွေ စာဖတ်နေတဲ့အသံရယ်၊ ပျော်ရွှင်စွာကစားနေတဲ့ အသံတွေရယ် ကြားလိုက် ရရင်ကျောင်းဆရာတစ်ယောက်ရဲ့ရင်ထဲမှာ ကြည်နူးဝမ်းသာမဆုံးဖြစ်ရစမြဲပါပဲ။ သြော်- ၂၀၁၅- ၂၀၁၆ပညာသင်နှစ်တောင် ပြန်လည်စတင်နေပြီ။
အထက်တန်းအဆင့်မှာ အခမဲ့ပညာရေးကို အကောင်အထည်ဖော်လိုက်တော့မိဘတွေ ဝန်ထုပ်ဝန်ပိုးလျှော့သွားတာပေါ့။ မိဘဆရာအသင်းကြေး၊ ကျောင်းလခ၊ အားကစား၊ စာကြည့်တိုက်၊ စာရေးကိရိယာကြေးတွေ မပေးရတော့ဘူး။ ပြဋ္ဌာန်းစာအုပ်ဖိုးတွေလည်း မပေးရတော့ဘူး။ မိဘတွေအသက်ရှုအများကြီးချောင်သွားတယ်။ အခုလိုကျောင်းဖွင့်ရာသီဆို မိဘတွေ ခေါင်းခဲ ကြရပါတယ်။ကုန်ဈေးနှုန်းတွေကကြီး၊ သားသမီးပညာရေးကလည်း အကုန်အကျများဆိုရင် မိဘတွေတော်တော်လေး ရုန်းကန်ကြရတာပေါ့။ချေးသူချေး၊ ငှားသူငှား၊ ပေါင်သူပေါင်၊ ရောင်းစ ရာရှိတာလေးတွေ ထုတ်ရောင်းနဲ့ ကသီလင်တြုဖစ်ခဲ့ကြရတယ်။မိဘတစ်ဦးကပြောပါတယ်။ “ကျူရှင်ထားရတဲ့စရိတ်တော့ ရှိသေးတယ်” တဲ့လေ။
ဘာသာရပ်တွေမှာ အားနည်းတဲ့ကျောင်းသားတွေရဲ့မိဘတွေကလည်း ကိုယ့်သားသမီး စာလိုက်နိုင်အောင်ဆိုပြီး ဆရာဆရာမတွေထံအပ်တယ်။ စာတော်တဲ့ကျောင်းသားမိဘတွေ ကလည်းကိုယ့်သားသမီး ပိုတော်အောင်၊ ထူးချွန်အောင်ဆိုပြီး ဂိုက်တွေ၊ဝိုင်းတွေနဲ့ သင်ကြတယ်။ တချို့ဆရာဆရာမတွေကိုယ်တိုင်ကလည်း စားဝတ်နေရေးနဲ့ သားသမီးကျောင်းစရိတ်အတွက်
အပိုဝင်ငွေရှာကြရတယ်။ပညာရေးဋ္ဌာနကလည်း ကျုရှင်နဲ့ပတ်သတ်တဲ့ တိကျတဲ့ညွှန်ကြား ချက်တွေ၊ စည်းကမ်းတွေ မချမှတ်နိုင်ဘူးဆိုရင်အကြောင်းတရားတွေရှိနေသေးသမျှ ကျုရှင်ဆို တာတော်တော်နဲ့ပျောက်ဖို့ မလွယ်ပါသေးပါဘူး။အဲဒီမိဘကဘဲဆက်ပြောပါတယ်။“အခမဲ့ပညာရေးစနစ်ဖြစ်လာသလို အခမဲ့ကျူရှင်စနစ် ဖြစ်လာရင်ကောင်းမှာပဲ” တဲ့။
“ကလေးတွေ တက်ရောက်နေတဲ့အတန်းနဲ့ ညီညွတ်တဲ့တက်မြောက်မှုမရှိရင်မိဘတချို့က အတန်းတင်ပေးတာကို သဘောမကျကြဘူး”လို့ ဆရာမကြီးတစ်ဦးကပြောပါတယ်။ ၈တန်း စာမေးပွဲမှာအားနည်းတဲ့ဘာသာရပ်တွေကို ကုစားသင်ကြားပြီး ပြန်ဖြေဆိုကြတော့ အားလုံး လာမဖြေကြတော့ဘူးတဲ့။မိဘအလုပ်အကိုင်ပြောင်းလို့ လိုက်ပါသွားကြသူတွေ၊ အရည် အချင်းမမီရင် အတန်းမတက်ချင်ဘူး။နောက်နှစ် ဒီအတန်းမှာပဲစာကြေအောင် ပြန်တက် မယ်ဆိုတဲ့ ကျောင်းသားတွေ လာမဖြေကြဘူးတဲ့။မိဘတွေကိုယ်တိုင်က သူတို့သားသမီး အရည်အချင်းမပြည့်မီလို့ အတန်းကူးပြောင်းခွင့် မရတာကိုသဘောကျဆိုပဲ။မတက်ဘဲနဲ့ အတန်း တက်သွားရင် အတန်းသာကြီးသွားမယ်။ ကလေးဦးနှောက်ကတော့ ကြုံလှီသွားနိုင်တယ်တဲ့။မိဘတွေ ကိုယ်တိုင်ပညာသင်ယူမှုရဲ့ သဘောသဘာဝကို နားလည်ကြတော့ ပိုကောင်းတာပေါ့။ စာမေးပွဲအောင်တာနဲ့တတ်တာနဲ့ တစ်ထပ်တည်းကျမှ ထိရောက်တဲ့ အရည်အချင်းရှိတဲ့ ပညာ ရေးဖြစ်မှာ။
ကျွန်တော်တို့ ပြောလေ့ရှိပါတယ်။အတန်းပညာ၊အတတ်ပညာနဲ့အသိပညာတို့ဟာတစ်ထပ်တည်းကျနေမှပညာရေးရဲ့ရည်မှန်းချက်တွေ အောင်မြင်ပေါက်မြောက်မှာ။အတန်းပညာ မြင့်မားလာတာနဲ့အမျှ အတတ်ပညာကလည်း တိုးတက်လာရမယ်။ အတတ်ပညာတိုးတက်လာ တာနဲ့အမျှဖွံ့ဖြိုးလာရမှာဖြစ်ပါတယ်။ အတန်းပညာ၊ အတတ်ပညာနဲ့ အသိပညာတို့ ၃ဘက်၃တန် ဟန်ချက်ညီနေမှ အချိုးကျ ကျညီမျှနေမှ ပညာရေးဖွံ့ဖြိုးတိုးတက်မှုဟာ အားကောင်းမောင်းသန် ဖြစ်လာမှာပါ။
၎တန်းနဲ့ ၈တန်းမှာ ပြန်လည်ကုစားသင်ကြားပြီးပြန်လည်စစ်ဆေးအတန်းကူးပြောင်းရာမှာ အရည်အသွေးမပြည့်မီတဲ့ ကျောင်းသူကျောင်းသားတွေကိုအတန်းတင်မပေးခဲ့ကြောင်း သိရပါ တယ်။ မအောင်မရှိ ငါ့တပည့်ဆိုတဲ့ ခေတ်ကုန်ပြီထင်ပါရဲ့။
အတန်းထဲမှာတတ်အောင်သင်၊ ပြတ်အောင်သင်မယ်ဆိုရင်မအောင်တဲ့ ကျောင်းသားဆို တာ အနည်းအကျဉ်းပဲရှိတော့မှာပါ။ ဒီနှစ် ၄တန်း ၈တန်းအောင်ချက်တွေကိုနမူနာယူစေချင် ပါ တယ်။ နောင်နှစ်တွေမှာအခန်းဆုံးစစ်ဆေးခြင်းတို့၊ ပြန်လည်ကုစားသင်ကြားခြင်းတို့ဆိုတာတွေရှိချင်မှရှိတော့မှာ။ ကျောင်းတွင်းစစ်စာမေးပွဲတွေလည်း ပြန်လည်ကျင့်သုံးလာနိုင်တယ်။နောက် ကြောင်းပြန်လှည့်မှာလားလို့ မေးစရာပါ။ အကောင်းဆုံးဖြစ်အောင်တော့ အမြဲတမ်းကြိုးစားဆောင်ရွက်နေတယ်ဆိုတာတော့ သေချာပါတယ်။
၂၀၁၅-၂၀၁၆ပညာသင်နှစ်၊ပညာရေးကဏ္ဍအသီးသီးမှာတိုးတက်မှုတွေရှိလာကြောင်းကြားသိဖတ်မှတ်နေရတယ်။ပညာရေးကဏ္ဍအတွက်ယခင်နှစ်များထက်လျာထားဘတ်ဂျက်တိုးမြှင့်တဲ့ အကြောင်း၊ အခမဲ့ပညာရေးစနစ်သတ်မှတ်ပြဋ္ဌာန်းတဲ့အတွက် ကျောင်းနေအရွယ်ကလေးများကျောင်းနေနှုန်း မြင့်တက်လာကြောင်း၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား ဦးရေစုစုပေါင်းဟာ၉သန်းဝန်းကျင်ဖြစ်လာကြောင်း ကျောင်းအဆင့်တိုးမြှင့်မှုများကို စနစ်တကျ ဆောင်ရွက်နေတဲ့အတွက်အခြေခံပညာကျောင်းဦးရေ တိုးတက်များပြားလာကြောင်း၊ အခြေခံ ပညာဆရာဆရာမဦးရေ ၄သိန်းကျော်အထိတိုးမြှင့်ခန့်ထားနိုင်ခဲ့ကြောင်း၊ ဥပဓိရုပ်ကောင်းမွန်တဲ့ ကျောင်းအဆောက်အအုံတွေ၊ ရုံးအဆောက်အအုံတွေတိုးချဲ့ဆောက်လုပ်ပေးနိုင်ခဲ့ကြောင်း၊ ပုဂ္ဂလိကကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်းစတဲ့အောင်မြင်တိုးတက်မှု အသီးသီးကို တွေ့မြင်နေရပါတယ်။ထူးချွန်ထက်မြက်တဲ့ ကျောင်းသူကျောင်းသားတွေကိုလည်း ပြည်တွင်း တွင်မက ပြည်ပနိုင်ငံများမှာအဆင့်မြင့်ပညာရေး သင်ယူနိုင်ရေးအတွက် ဆောင်ရွက်ပေး လျှက်ရှိ ပါတယ်။ လူငယ်များစိတ်ဓာတ်ရေးရာမြင့်မားစေဖို့၊ အများအကျိုးဆောင်ရွက်တတ်စေဖို့ အခြေခံ ပညာကျောင်းများမှာကင်းထောက်လှုပ်ရှားမှုများ ပြန်လည်ဖွဲ့စည်း လုပ်ဆောင်နေကြပါပြီ။ တက္ကသိုလ်များမှာလည်းဖွဲ့စည်းနိုင်ရေးစီစဉ်နေပါတယ်။
အခြေခံပညာမှာ KG + 5:4:3 စနစ်ကျင့်သုံးအကောင်အထည်ဖော်နိုင်ရေးအတွက်လည်းကြိုးစားဆောင်ရွက်နေကြပါတယ်။ ပညာရေးအရည်အသွေးအာမခံမှုကို ဖြစ်စေမယ့် အဆင့်အ လိုက်သင်ရိုးညွှန်းတမ်းများကိုလည်းစနစ်တကျ ပြုစုရေးဆွဲနေကြောင်း သိရပါတယ်။ တာဝန်ရှိ သူတွေဟာ အကောင်းဆုံးလုပ်ဆောင်နေကြတာပါ။ပညာရေးက ထုထည်ကြီးမားတော့ အရွေ့နှေးတယ်လို့ ထင်ကြတာပေါ့။
အခြေခံပညာမှာ အခမဲ့ပညာရေးစနစ် ကျင့်သုံးလိုက်တဲ့အတွက်ငွေရေးကြေးရေးနဲ့ပတ် သတ်ပြီးအတိုင်းအတာတွေ အတော်သက်သာသွားမှာဖြစ်ပါတယ်။ ပြဋ္ဌာန်းစာအုပ်တန်ဖိုးအပေါ်သယ်ယူပို့ဆောင်ခဆိုပြီး ဈေးတင်ရောင်းတဲ့အတွက် တိုင်တန်းမှုတွေ၊ ပြဋ္ဌာန်းစာအုပ်အပိုတွေကိုပြင်ပဈေးကွက်မှာရောင်းစားလို့ တိုင်တန်းမှုတွေ၊ မိဘဆရာအသင်းကြေးတွေ၊ စာအုပ်ဖိုးတွေ မတောင်းပေမယ့်၊တံမြက်စည်းဖိုး၊ သောက်ရေသန့်ဖိုးတွေ ကောက်ခံတဲ့အတွက် တိုင်တန်းမှုတွေ နှစ်စဉ်ကြုံတွေ့ရတတ်ပါတယ်။ဒီနှစ်တော့ ဒီပြဿနာတွေ မရှိနိုင်တော့ပါဘူး။
အခမဲ့ ပညာရေးဖြစ်တဲ့အတွက် မိဘဆရာအသင်းရန်ပုံငွေဆိုတာရှိပါဦးမလားလို့ မေးတဲ့ မိဘတွေရှိပါတယ်။ ကျောင်းမှာရန်ပုံငွေမရှိဘဲနဲ့ ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းတွေတိုးတက်အောင် ဘယ်လိုလုပ်မှာလဲလို့ စိုးရိမ်တဲ့မိဘတွေလည်းတွေ့ရပါတယ်။ ပူပင်စရာဖြစ်ပေမယ့်စိုးရိမ်စရာ တော့မလိုပါ။ ပညာရေးအတွက် လှူချင်တဲ့မိဘတွေ၊ စေတနာရှိတဲ့အလှူရှင်တွေရှိပါတယ်။ငွေကြေးလှူမယ့် မိဘတွေ၊ ပစ္စည်းပစ္စယလှူမယ့် မိဘတွေ၊ လုပ်အားလှူမယ့် စေတနာရှင်တွေ ရှိပါတယ်။
မိဘဆရာအသင်းဘက်ကသာ လှူဒါန်းမှုတွေကို စနစ်တကျလက်ခံမယ်၊စနစ်တကျသုံးစွဲ မယ်၊ သုံးစွဲမှုတွေကလည်းထိရောက်မယ်၊ ထင်သာမြင်သာရှိမယ်ဆိုရင် ငွေကြေးအလှူ ရှင်တွေ လည်းရောက်လာမှာ ဖြစ်ပါတယ်။ ကျောင်းကိုဥပဓိရုပ်ကောင်းအောင်ကြိုးစားပါ။ ဝန်းကျင် ကောင်းနဲ့ပြည့်စုံတဲ့ ကျောင်းဖြစ်ပါစေ၊ ဆရာဆရာမတွေ စေတနာထားပါ။ ကျောင်းသားကျောင်းသူတွေက စည်းကမ်းရှိပြီးကြိုးစားကြပါ။ မိဘတွေ ကူညီပါ။ ရပ်ရွာအဖွဲ့အစည်းတွေကပံ့ပိုးပေးပါ။ အဆင့်မြင့် ပြီးအရည်အသွေးပြည့်ဝတဲ့ပညာရေးဖြစ်ဖို့ အားလုံးမှာတာဝန်ရှိပါတယ်။ ကူညီပံ့ပိုးသူများကျောင်း သားများကို ကြိုဆိုဖို့ကျောင်းတံခါးများဖွင့်ထားပေးနိုင်ကြပါစေ။